ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာခွင့်မရမှာကို စိုးရိမ်နေတယ်လို့ ဗြိတိန်အခြေစိုက်မီဒီယာတွေက ဖော်ပြနေပါတယ်။ ဒီကစားသမားဟာ ဒီကနေ့ ဘန်ကောက်ကိုထွက်ခွာတဲ့ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲအတွက် လူစာရင်းမှာ ပါဝင်ခြင်းမရှိပါဘူး။
ရော်နယ်ဒိုဟာ မိသားစုကိစ္စအကြောင်းပြချက်တွေနဲ့ အခုချိန်ထိ အသင်းနဲ့ပြန်လည်မပူးပေါင်းရသေးဘဲ အသင်းကထွက်ခွာဖို့ကိုသာ အာရုံစိုက်နေပါတယ်။ ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ထားတယ်ဆိုပေမယ့် အသင်းမှာပဲ ထိန်းသိမ်းထားဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။
အသင်းတာဝန်ရှိသူတွေဘက်က Icon ကစားသမားတယောက်ကို လွယ်လွယ်ကူကူ ရောင်းချဖို့ ဆန္ဒမရှိသလို တန်ဟက်ခ်နဲ့ရော်နယ်ဒိုကိုလည်း ဆွေးနွေးစေဦးမယ်လို့ သတင်းထွက်နေပါတယ်။ အဆိုပါ ပေါ်တူဂီကစားသမား အသင်းကထွက်ခွင့်တောင်းချိန်မှာလည်း တာဝန်ရှိသူတွေဘက်က ရောင်းချဖို့ စိတ်ကူးမရှိဘူးလို့ တုံ့ပြန်ခဲ့ပါသေးတယ်။
ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားဖို့ ဆန္ဒရှိနေပြီး အခု အခြေအနေတွေကြောင့် လာမယ့်ရာသီ ယူနိုက်တက်မှာသာ ခြေချုပ်မိနေမှာကို စိုးရိမ်နေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့တာပါ။ ရော်နယ်ဒိုကို ခေါ်ယူဖို့ ချဲလ်ဆီးတသင်းတည်းကသာ နီးနီးစပ်စပ်ရှိတယ်ဆိုပေမယ့် တူဟယ်လ်က ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆန္ဒရှိ၊ မရှိက မကွဲပြားသေးပါဘူး။
ဆက်စပ်သတင်းအနေနဲ့ ယူနိုက်တက်အသင်းဖော်တွေဟာ ရော်နယ်ဒို အသင်းကနေထွက်ခွင့်တောင်းတဲ့အပေါ် တစုံတရာရှော့ခ်ရတာမျိုး မရှိဘူးလို့ သိရှိရပါတယ်။ ရည်မှန်းချက်ကြီးတဲ့ ဒီကစားသမားက လာမယ့်ရာသီ ယူရိုပါလိဂ်မကစားလိုတာကို အသင်းဖော်တွေက အရင်တည်းက တီးမိခေါက်မိရှိထားတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။