ဗန်ဒီဘိခ်ကို ခေါ်ဖို့ အာဆင်နယ်ကို ကမ်းဘဲလ်က အကြံပေးခဲ့တာပါ။

အာဆင်နယ်ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က လက်ရှိယူနိုက်တက်မှာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗန်ဒီဘိခ်ကို အာဆင်နယ်တို့ ခေါ်ယူသင့်တယ်လို့ အကြံပေးစကား ပြောကြားလိုက်ပါတယ်။ အသက် (၅၁) နှစ်ရှိပြီဖြစ်တဲ့ ဒီကစားသမားကြီးဟာ (၁၉၈၈) ကနေ (၁၉၉၅) အထိ အာဆင်နယ်မှာ ကစားခဲ့ဖူးပြီး အာဆင်နယ်ရဲ့ ငယ်မွေးခြံပေါက် ကစားသမားလည်းဖြစ်ခဲ့တာပါ။



ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့နှစ်မှာ ဆိုးလ်ရှားရဲ့ခေါ်ယူမှုနဲ့ပဲ အေဂျက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဆိုးလ်ရှားက ဗန်ဒီဘိခ်ကို အခွင့်အရေးပေးဖို့ စိတ်ကူးမရှိဖြစ်နေပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ဗန်ဒီဘိခ်အပေါ် ဆိုးလ်ရှားရဲ့ ပြုမူပုံတွေကို ဒေါသထွက်နေပြီး ဆိုးလ်ရှားကို ဝေဖန်မှုတွေရှိနေတာပါ။

ဗန်ဒီဘိခ်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ အဲဗာတန်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် ဆိုးလ်ရှားက အသင်းပြောင်းခွင့်မပေးဘဲ ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာလည်း ဗန်ဒီဘိခ်က လုံလောက်တဲ့ အခွင့်အရေးတွေမရရှိတာကြောင့် လာမယ့်ဆောင်းရာသီမှာ သေချာပေါက် အသင်းပြောင်းဖို့ ပြင်ဆင်နေပါပြီ။

အဲ့ဒါကြောင့်လည်း ကီဗင်ကမ်းဘဲလ်က “ယူနိုက်တက်မှာ ဗန်ဒီဘိခ်ရဲ့ အနေအထားနဲ့ ပတ်သက်လို့ သတင်းတွေ မျိုးစုံထွက်ပေါ်နေပါတယ်။ ဆိုးလ်ရှား လက်အောက်မှာ ကစားခွင့်မရတာ သူ့အမှားမဟုတ်ပါဘူး။ သူက အေဂျက်စ်မှာ အံ့အားသင့်စရာတွေ လုပ်ပြခဲ့တာပါ။ ယူနိုက်တက်ကိုလည်း ရောက်လာရော၊ သူ့ကို မသုံးကြတော့ပါဘူး”

“ဘာလို့လဲဆိုတာ ကျနော် မသိပါဘူး။ ကျနော်ကတော့ အာဆင်နယ်အတွက် အကောင်းဆုံးပဲ လိုချင်တာပါ။ တကယ်လို့ အခွင့်အရေးသာရမယ်ဆိုရင် ဗန်ဒီဘိခ်က အာဆင်နယ်အတွက် ကစားပေးနိုင်ပါလိမ့်မယ်။ ဒီကောင်လေးလုပ်နိုင်ပါလိမ့်မယ်။ ယူနိုက်တက်က သူ့ကို အာဆင်နယ်ဆိုရင် အငှားနဲ့တောင် လွှတ်ပါ့မလား မသိပါဘူး”

“သူက ငယ်ရွယ်ပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ခံယူချက်ရှိပါတယ်။ ဒါပေမယ့် သူ့အတွက် ကစားခွင့်ရဖို့ လိုအပ်ပါတယ်။ ကွင်းလယ်နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမားဖြစ်ပြီး သူ့ကိုသာရလိုက်ရင် ကျနော်တို့အတွက် နေရာစုံကစားနိုင်တဲ့ ကစားသမားကို ရလိုက်သလို ဖြစ်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ လာမယ့်ဆောင်းရာသီမှာတော့ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ အဲဗာတန်၊ နယူးကာဆယ်တို့က စိတ်ဝင်စားနေပြီး အသင်းဟောင်း အေဂျက်စ်ကလည်း ဗန်ဒီဘိခ်ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

Share

Loading Next Article...
က္က