ရော်နယ်ဒိုနဲ့ပတ်သက်တဲ့သတင်းကို ထပ်ပြီးငြင်းသွားတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ တစုံတရာ ဆွေးနွေးတာမျိုးတွေ မရှိဘူးလို့ ဒေါ့မွန်ဘက်က ငြင်းဆန်ခဲ့တဲ့နောက် ရော်နယ်ဒိုရဲ့ အနာဂတ်က စိုးရိမ်စရာကောင်းလာခဲ့ပါတယ်။ အဆိုပါ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့အတွက်သာ ဦးစားပေးကြိုးစားနေတာဖြစ်ပါတယ်။



ရော်နယ်ဒိုဟာ အေးဂျင့်ဂျော့ချ်မန်ဒက်စ်ကတဆင့် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ကို ပြောင်းရွှေ့ဖို့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ့မွန်ဘက်ကလည်း တိုက်စစ်မှူးသစ် လိုအပ်နေတာကြောင့် ရော်နယ်ဒိုကို ခေါ်ယူသင့်၊ မခေါ်ယူသင့်ဆိုတဲ့အပေါ်မှာ အသင်းတွင်း အစည်းအဝေးတရပ်ပြုလုပ်ခဲ့ကြောင်း သတင်းတွေကဆိုပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဒေါ့မွန်ရဲ့ အမှုဆောင်အရာရှိချုပ် ဝေါ့ဇ်ကီက ရော်နယ်ဒိုနဲ့ဒေါ့မွန်တို့ရဲ့သတင်းတွေအပေါ်မှာ ငြင်းဆန်ပြောကြားလိုက်ပါတယ်။ ဝေါ့ဇ်ကီက “ကျနော် ရော်နယ်ဒိုကို ကစားသမားတယောက်အနေနဲ့ ချစ်ခင်လေးစားပါတယ်။ ကျနော်တို့ အိမ်ကွင်း ဆစ်ဂ်နယ်အီဒျူနာပါ့ခ်မှာ ရော်နယ်ဒိုကစားနေတာကို မြင်တွေ့ခွင့်ရတာကလည်း သိပ်မိုက်တဲ့ စိတ်ကူးစိတ်သန်းတခုပါ”

“ဒါပေမယ့်လည်း သက်ဆိုင်သူတွေကြားထဲမှာ ဘယ်လိုမျိုး ထိတွေ့ဆက်သွယ်မှုမျိုးမှမရှိပါဘူး။ ဒီတော့ အခုကစလို့ ခင်ဗျားတို့ ရော်နယ်ဒိုနဲ့ ဒေါ့မွန်အကြောင်း ပြောတာတွေကို ရပ်တန့်သင့်ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ချန်ပီယံလိဂ်ကစားချင်တာကြောင့် အသင်းသစ်ရှာဖွေနေပေမယ့် လက်ရှိအချိန်ထိ အဆင်မပြေသေးတာဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ ရော်နယ်ဒိုကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့်လည်း ကစားသမားအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုကိုသာရရှိမယ်ဆိုရင် စာချုပ်ဖျက်သိမ်းပေးဖို့အထိ ပြင်ဆင်ထားကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသင်းအနေနဲ့လည်း တိုက်စစ်ကိုအားဖြည့်ဖို့အတွက် လက်ရှိအချိန်မှာ အန်တိုနီ၊ ဂတ်ပိုတို့ကို ကြိုးစားနေပြီး ရော်နယ်ဒိုသာ ထွက်ခွာသွားမယ်ဆိုရင် တိုက်စစ်ပိုင်းကို ကစားသမားနှစ်ယောက် အနည်းဆုံး ပြန်လည်ခေါ်ယူသွားမယ်လို့ သိရှိရပါတယ်။ 

Share

Loading Next Article...
က္က