ရော်နယ်ဒို ယူနိုက်တက်မှာနည်းပြပြန်လုပ်ဖို့ စိတ်ကူးနေတယ်လို့ သတင်းရင်းမြစ်တစ်ဦးကဆိုလာတာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝကို ယူနိုက်တက်မှာပဲကုန်ဆုံးပြီး အဲ့ဒီနောက် ယူနိုက်တက်အသင်းမှာပဲ နည်းပြဘဝကို ကူးပြောင်းဖို့ ရည်ရွယ်ထားတယ်လို့ အသင်းရဲ့သတင်းရင်းမြစ်တစ်ဦးကဆိုလာပါတယ်။

ရော်နယ်ဒို နည်းပြဆက်လုပ်၊ မလုပ်ဆိုတဲ့အပေါ် ဝိဝါဒကွဲပြားစရာတွေရှိနေဆဲဆိုပေမယ့် ယူနိုက်တက် အကယ်ဒမီမှာရှိနေတဲ့ သူ့ရဲ့သားခရစ္စတီယာနိုဂျူနီယာကြောင့် ရော်နယ်ဒို ယူနိုက်တက်နည်းပြအဖွဲ့ဝင်ထဲ ပါဝင်လာမယ်လို့ သတင်းထွက်ပေါ်လာခဲ့တာပါ။ အသက် (၁၁) နှစ်အရွယ် ဂျူနီယာဟာ အရင်က ဂျူဗင်တပ်စ်လူငယ်အသင်းမှာ ကစားခဲ့ပေမယ့် သူ့အဖေ ယူနိုက်တက်ကိုရောက်လာချိန်မှာ သူလည်း ယူနိုက်တက်အကယ်ဒမီကို တစ်ပါတည်း လိုက်ပါပြောင်းရွှေ့ခဲ့ပါတယ်။
ဂျူနီယာအပေါ်ထားတဲ့ ရော်နယ်ဒိုရဲ့မျှော်လင့်ချက်က ကြီးမားလွန်းပြီး သားဖြစ်သူကို သူ့လိုမျိုး နာမည်ကျော်ကစားသမားတစ်ယောက်ဖြစ်လာဖို့ ရော်နယ်ဒိုက ဆန္ဒရှိနေတာပါ။ အဲ့ဒါကြောင့်လည်း ကစားသမားဘဝက အနားယူပြီးသွားရင် သူ့သားကိုအနီးကပ်လမ်းညွှန်မှုတွေ ပြုလုပ်နိုင်ဖို့ ဂျူနီယာရှိရာ ယူနိုက်တက်လူငယ်အသင်းတစ်သင်းမှာ နည်းပြပြန်လုပ်ဖွယ်ရှိပါတယ်။

သတင်းရင်းမြစ်တစ်ဦးက “ရော်နယ်ဒိုက အသင်းအတွက် နောက်ထပ်နှစ်အနည်းငယ်လောက် ဆက်ကစားဖို့ ဆန္ဒရှိနေပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက အကောင်းဆုံးအနေအထားမှာရှိနေပြီး မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေကို ဖြစ်အောင် လုပ်ပြချင်တဲ့လူမျိုးပါ။ ပွဲတစ်ပွဲနဲ့ပတ်သက်လို့လည်း ရော်နယ်ဒိုက အရာအားလုံးကို သိမြင်နိုင်ပါတယ်”

“ကစားသမားဟောင်းအများစုက ယူနိုက်တက်မှာပဲ သူတို့ရဲ့ နည်းပြဘဝကို အစပြုခဲ့ကြဖူးတော့ ရော်နယ်ဒိုလည်း သူ့ရဲ့နောက်ထပ်ဘဝမှတ်တိုင်တစ်ခုကို ဒီအသင်းမှာပဲ အစပြုဖို့ စဥ်းစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့သားဖြစ်သူ ဂျူနီယာကလည်း အဖေ့ခြေရာကို ထပ်ကြပ်မကွာ လိုက်နင်းနိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဂျူနီယာရဲ့ပြေးအားကလည်း အခုတည်းက အရွယ်နဲ့မလိုက်အောင် ကောင်းမွန်လွန်းတယ်လို့ ချီးကျူးခံထားရပြီး ဂျူဗင်တပ်စ်လူငယ်အဆင့်မှာလည်း ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့သေးတာကြောင့် ရော်နယ်ဒိုကိုယ်တိုင်ကသာ အနီးကပ်ပုံသွင်းလေ့ကျင့်ပေးမယ်ဆိုရင်တော့ နောက်ထပ်ရော်နယ်ဒိုတစ်ယောက်ကို ဘောလုံးလောကမှာ ထပ်မံမြင်တွေ့ရဦးမှာ သေချာပါတယ်။

Share

က္က