မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်းက အသင်းလေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုနဲ့ အငြင်းပွားမှုတွေ ဘာလို့ဖြစ်ခဲ့ရတာလဲဆိုတာကို ဂယ်ရီနဗီးလ်နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့ပါတယ်။ The Overlap ဆိုတဲ့ YouTube channel က တဆင့် သူတို့က ယူနိုက်တက်မှာရှိတုန်းက အကြောင်းအရာတွေကို ပြန်လည်ပြောဆိုခဲ့ချိန်မှာ နစ္စတယ်ရွိုင်းက ဖွင့်ဟခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ ရော်နယ်ဒိုနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီးနောက် နည်းပြဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်နဲ့ပါ ဆက်ဆံရေးဆိုးရွားခဲ့ပြိး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့သူပါ။ အသင်းကို အသစ်ရောက်ရှိလာတဲ့ လူငယ်တွေနဲ့ အောင်မြင်မှုရမှာမဟုတ်ဘူးလို့ သူက ပြောဆိုခဲ့ပေမယ့် ဖာဂူဆန်ကတော့ အဆိုပါလူငယ်တွေရဲ့ အားနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ကာ နစ္စတယ်ရွိုင်း မှားယွင်းခဲ့တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း ဖာဂူဆန်က သူ့ရဲ့ ကိုယ်တိုင်ရေးစာအုပ်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါသေးတယ်။
ဂယ်ရီနဗီးလ်က "လူတွေက ရော်နယ်ဒိုရဲ့ အခြေအနေအကြောင်းကို သိပ်မပြောကြဘူးမဟုတ်လား၊ အဲဒီတုန်းက ငါလည်း နည်းနည်းစိတ်ပျက်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဒေးဗစ်ဘက်ခမ်းနဲ့ တွဲကစားခဲ့ရတာလေ၊ အဲဒါက တယ်လီပသီပဲ၊ သူ ဘာလုပ်မလဲဆိုတာကို ငါတို့က အတိအကျသိပြီးသားဖြစ်နေတာ၊ ရော်နယ်ဒို ရောက်လာတော့ ကွဲပြားခြားနားသွားတယ်၊ သူက နေရာအနှံ့ပြေးလွှားနေပြီး Dribble တွေ လုပ်နိုင်တယ်၊ သူ့ကို ခန့်မှန်းလို့မရဘူး၊ မင်း ရော်နယ်ဒိုနဲ့ ကတောက်ကဆဖြစ်ခဲ့သေးတယ်မဟုတ်လား" လို့ ပြောရင်း နစ္စတယ်ရွိုင်းကို မေးခွန်းထုတ်ခဲ့ပါတယ်။
နစ္စတယ်ရွိုင်းက "အဲဒီအအခြေအနေနဲ့ နည်းနည်းတော့ အဆင်မပြေခဲ့ဘူး၊ ခရစ္စတီယာနိုနဲ့ ငါတို့ဆက်ဆံရေးက ယေဘုယျအားဖြင့်တော့ ကောင်းတယ်လို့ ထင်ပါတယ်၊ ကတောက်ကဆဖြစ်တာက လေ့ကျင့်ရေးကွင်းမှာ၊ အဲဒါက ဇာတ်လမ်းပုံပြင်တပုဒ်ပါပဲ၊ ဒါပေမယ့် နောက်ဆုံးမှာ အတူတူအဖြေရှာပြီး ငါတို့ ဆက်ဆံရေးက ပြီးပြည့်စုံခဲ့ပါတယ်"
"ဒါက လူငယ်ကစားသမားတွေအတွက် အသင်းတွင်းမှာ အကူးအပြောင်းကာလဖြစ်ခဲ့တာ၊ ရွန်နီရောက်လာတယ်၊ ရော်နယ်ဒိုရောက်လာတယ်၊ အလားအလာရှိတဲ့ လူငယ်လေးတွေပါ၊ ဒါပေမယ့် အထိုင်ကျဖို့အတွက် အချိန်တခုလိုတယ်၊ အခု ငါက နည်းပြဖြစ်နေတော့ နည်းပြအနေနဲ့ ပြောရမယ်ဆိုရင် အဲဒါက အကူးအပြောင်းကာလပဲ၊ ဒီလူငယ်တွေအပေါ်မှာ စိတ်ရှည်ဖို့လိုပါတယ်၊ ငါတို့တုန်းကတော့ အဲဒါကို စိတ်မရှည်ခဲ့ကြဘူး" လို့ ပြန်ပြောသွားခဲ့ပါတယ်။
နစ္စတယ်ရွိုင်းကတော့ လက်ရှိမှာ ဟော်လန်ထိပ်သီးကလပ် PSV နည်းပြအဖြစ် တာဝန်ယူနေပြီး အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာရောက်နေကာ ထိပ်ဆုံးက ဖီယင်နော့ဒ်နဲ့ ၈ မှတ်အထိ ကွာဟနေပါတယ်။
သူတို့နှစ်ဦးဟာ ရီးရဲလ်မက်ဒရစ်မှာလည်း အသင်းဖော်တွေအဖြစ်နဲ့ ခဏတာ ကစားခဲ့ကြရပါသေးတယ်။