ယူနိုက်တက်မှာ ၁၈ လသာကစားခဲ့ပြီး တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။

မန်ချက်စတာစီးတီးကို မပြောင်းရွှေ့ခဲ့ဘဲ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့အပေါ်မှာ သူ နောင်တမရဘူးလို့ အလက်ဆစ်ဆန်းချက်ဇ်က ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်မှာ ခြေစွမ်းပြနေတဲ့ ဆန်းချက်ဇ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရကာ နောက်ဆုံးမှာတော့ အင်တာမီလန်ကို အငှားထွက်ကစားပြီး အပြီးသတ်ပြောင်းရွှေ့ခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ ယူနိုက်တက်မှာ ၁၈ လသာ ကစားခဲ့ပြီး ၄၅ပွဲမှာ ၅ ဂိုးသာ ရရှိခဲ့ပြီး တော်တော်လေးကို ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ကတော့ လက်ရှိမှာ မာဆေးလ်အတွက် ကစားပေးနေပြီး ခြေစွမ်းပြနေပါတယ်။ ၂၀၁၈ မှာ သူက အာဆင်နယ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ရာမှာ မော်ရင်ဟိုက သူ့ကို ဖုန်းဆက်သွယ်ခေါ်ယူခဲ့တာလို့လည်း ဆန်းချက်ဇ်က ဖွင့်ဟခဲ့ပြီး ငွေကြေးကြောင့်ပြောင်းရွှေ့ခဲ့တာမဟုတ်ဘူးလို့ ဆိုခဲ့သလို မန်စီးတီးကိုသာ သူ ပြောင်းခဲ့ရင် ချန်ပီယံလိဂ်ဖလားရနေလောက်ပြီလို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဆန်းချက်ဇ်က "ကျနော်က မန်စီးတီးကို ပြောင်းရွှေ့ဖို့ အားလုံးအိုကေနေပါပြီ၊ ဂွာဒီယိုလာနဲ့ နေ့တိုင်းစကားပြောခဲ့တယ်၊ သူကလည်း ကျနော့်ကို မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်၊ သူက ကျနော့်အတွက်တော့ ဖခင်တယောက်လိုပါပဲ၊ ဘာစီလိုနာမှာ အဲဒီလိုဖြစ်ခဲ့သလို မန်စီးတီးမှာလည်း အဲဒီလိုဖြစ်ခဲ့မှာပါ၊ နေ့တိုင်း ကျနော်တို့ စကားပြောဖြစ်ခဲ့တယ်၊ မက်ဆေ့ချ်တွေပို့ခဲ့တယ်"

"အားလုံးအဆင်ပြေနေချိန်မှပဲ အာစင်ဝင်းဂါးက မန်စီးတီးကစားသမားတဦးက ငါတို့အသင်းဆီ ရောက်လာမှာမဟုတ်တော့ဘူး၊ အဲဒါကြောင့် မင်း မန်စီးတီးကို ပြောင်းလို့မရတော့ဘူးဆိုပြီး ပြောခဲ့ပါတယ်၊ အဲဒီနောက် မော်ရင်ဟိုက ကျနော့်ကို ဖုန်းခေါ်ဆိုခဲ့ပြီး မင်းအတွက် ကျောနံပါတ် ၇ လွတ်နေတယ်ဆိုပြီး ပြောခဲ့ပါတယ်"

"ပိုက်ဆံအတွက် ကျနော်ပြောင်းခဲ့တာမဟုတ်မှန်း အားလုံးသိမှာပါ၊ ချီလီကစားသမားတဦးအနေနဲ့ ယူနိုက်တက်အတွက်ကစားပေးရတာပါ၊ ကျောနံပါတ် ၇ ကလည်း နာမည်ကျော်တွေဝတ်ဆင်ခဲ့ပြီး ချီလီသားတယောက်က ဝတ်ဆင်ရမယ်ဆိုတာ အိပ်မက်လိုပါပဲ၊ က​ျနော် နောင်တမရခဲ့ပါဘူး၊ ဒါပေမယ့် မန်စိးတီးကို ကျနော်ပြောင်းခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့လောက်ပါတယ်" လို့ ဆန်းချက်ဇ်က ဆိုပါတယ်။ 


Share

Loading Next Article...
က္က