အာဆင်နယ်နည်းပြ အာတီတာဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ကြယ်ပွင့် မေဆင်မောင့်ကို ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်ရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင် ကစားသမားကို ခေါ်ယူနိုင်ကြောင်း ယူနိုက်တက်တို့ မနေ့က တရားဝင်ကြေညာခဲ့တာပါ။
မေဆင်မောင့်ဟာ ယူနိုက်တက်မှာ ဂန္တဝင်ကျောနံပါတ် (၇) ကို ဝတ်ဆင်မှာ ဖြစ်ပြီး ဒီကျောနံပါတ်ကျိန်စာကို ပယ်ဖျက်နိုင်မလား အားလုံးက စိတ်ဝင်စားနေပါတယ်။ ဒီအချိန်မှာပဲ အာဆင်နယ်တို့ မေဆင်မောင့်ကို ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်ရှိခဲ့ကြောင်း သတင်းက ထွက်ပေါ်လာခဲ့တာပါ။ မေဆင်မောင့် ချဲလ်ဆီးကနေ ထွက်မယ်လို့ သတင်းတွေ ထွက်လာချိန်မှာ ထိပ်တန်းအသင်းကြီးတွေက စောင့်ကြည့်ခဲ့ပါတယ်။
ဒီအထဲမှာ အာဆင်နယ်၊ လီဗာပူးတို့လည်း အပါအဝင်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကလည်း ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီအခြေအနေမှာ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့က နောက်ဆုတ်သွားခဲ့ပြီး အာဆင်နယ်က အခြေအနေအကောင်းဆုံးအဖြစ် ယူဆခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ကြိုးစားမှုမှာ ယူနိုက်တက်က တဖြည်းဖြည်း ရှေ့ရောက်သွားခဲ့ပြီး အပြီးသတ် ခေါ်ယူသွားခဲ့တာပါ။
ယူနိုက်တက် သတင်းထောက်တစ်ယောက်ဖြစ်တဲ့ အန်ဒီမစ်တန်က “အာတီတာက မေဆင်မောင့်ကို အထင်ကြီး လေးစားရုံတင်မကဘဲ ဒီကစားသမား အာဆင်နယ်အတွက် လက်မှတ်ထိုးပြီး လန်ဒန်မြို့မှာပဲ ဆက်နေမယ်လို့ကို ထင်ခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိနွေမှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒကလန်ရိုက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၀၅) သန်းနဲ့ ခေါ်ယူထားပြီးဖြစ်ပါတယ်။
ဒါဟာ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်တို့ ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်းနဲ့ ခေါ်ယူခဲ့ပါသေးတယ်။ အာတီတာကလည်း ဟာဗက်ဇ်ကို ကွင်းလယ်မှာ ထားကစားသွားမယ်လို့ အရိပ်အမြွက် ပြောကြားထားပါတယ်။ တစ်ဖက်မှာ ယူနိုက်တက်သတင်းထောက်က ဒီလိုပြောခဲ့ပေမယ့် အာဆင်နယ်ဘက်ကတော့ မေဆင်မောင့်အတွက် သိသာထင်ရှားတဲ့ စိတ်ဝင်စားမှုကို မပြသခဲ့သလို ခေါ်ယူဖို့ ကြိုးစားခဲ့ခြင်းလည်း မရှိပါဘူး။