ယူနိုက်တက်တို့ ဒီကနေ့ အက်စတွန်ဗီလာကို တဖက်နှစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ နိုင်ပွဲဆက်မှုရပ်တန့်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီလိုအချိန်မျိုးမှာပဲ ရော်နယ်ဒိုက သူ့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် ယူနိုက်တက်ဘောင်းဘီကို ဝတ်ဆင်ပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ဓာတ်ပုံတွေကို ပရိသတ်တွေအတွက် မျှဝေခဲ့ပါတယ်။
ယူနိုက်တက်နဲ့ဗီလာရဲ့ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ရော်နယ်ဒိုက အခုလိုမျိုး သူ့ရဲ့လှုပ်ရှားမှုကို ပရိသတ်တွေထံ အသိပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ယူနိုက်တက်က နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ထားပါတယ်။ ရော်နယ်ဒိုဟာ အပေါ်ပိုင်းဗလာကျင်းနဲ့ ယူနိုက်တက်ဘောင်းဘီတိုကို ဝတ်ဆင်ထားခဲ့တာပါ။
ပြီးခဲ့တဲ့ ဇူလိုင် (၁၄) မှာလည်း ရော်နယ်ဒိုအနေနဲ့ ဒီလိုမျိုး ယူနိုက်တက်ဘောင်းဘီတိုကို ဝတ်ဆင်ကာ လေ့ကျင့်ခန်းလုပ်နေတဲ့သူ့ရဲ့ဓာတ်ပုံကို ပရိသတ်တွေထံ မျှဝေခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းကတော့ ယူနိုက်တက်ပရိသတ်တွေက ရော်နယ်ဒိုအသင်းမှာဆက်ရှိမယ်ဆိုတာကို သွယ်ဝိုက်အသိပေးလိုက်တာလို့ အဓိပ္ပာယ်ကောက်ယူခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ရော်နယ်ဒိုကတော့ အသင်းပြောင်းဖို့အရေးကိုသာ ဆက်လက်အာရုံစိုက်ခဲ့ပါတယ်။ တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုတို့နဲ့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ စိတ်မဝင်စားသလို အက်သလက်တီကိုကလည်း ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖွယ်မရှိပါဘူး။
ရော်နယ်ဒိုကတော့ လက်ရှိအချိန်ထိ ယူနိုက်တက်ကို လာရောက်သတင်းပို့ခြင်းမရှိသေးဘဲ မိသားစုကိစ္စအကြောင်းပြချက်နဲ့သာ ခွင့်ယူထားဆဲဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ရော်နယ်ဒိုကို ရောင်းချမှာ မဟုတ်တဲ့အကြောင်း အတိအလင်းပြောကြားထားပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပြီး မထင်မှတ်ထားတဲ့ အသင်းတသင်းကို ပြောင်းရွှေ့နိုင်တယ်လို့လည်း ရော်နယ်ဒိုနဲ့ ရင်းနှီးတဲ့မိတ်ဆွေ ပီယာ့စ်မော်ဂန်က ပြောကြားခဲ့ပါတယ်။