နယူးကာဆယ်နည်းပြအက်ဒီဟိုဝီကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ထင်မှတ်မထားတဲ့ အကွက်တွေ အသုံးပြုဖို့ ကြံစည်နေပြီလားလို့ ထင်နေရပါတယ်။ ဒီ ဗိုလ်လုပွဲကိုတော့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားသွားမှာဖြစ်ပြီး နယူးကာဆယ်အသင်းမှာ ဂိုးသမားအခက်အခဲဖြစ်ပေါ်နေကာ ပြိုင်ဘက်ယူနိုက်တက်အတွက် အခွင့်ကောင်းရနေတာဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ပွဲမှာ အသင်းရဲ့ နံပါတ်တစ်ဂိုးသမား နစ်ပုပ် အနီကတ်ပြသခံခဲ့ရလို့ ပွဲပယ်ခံထားရပြီး ဒုတိယဂိုးသမားဒူဘရာကာကလည်း ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်ဆီ အငှားသွားကစားရင်း ကာရာဘောင်ဖလားပွဲကို ဝင်ကစားပေးခဲ့လို့ ဒီပွဲကို ပါဝင်ခွင့်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့မှာ ရွေးချယ်စရာက တတိယဂိုးသမား ကာရီးယပ်စ်တဦးတည်းသာရှိပြီး သူကလည်း ၂၀၂၁ ဖေဖော်ဝါရီလကတည်းက ပွဲမကစားခဲ့ရသူဖြစ်ပါတယ်။ နောက်ထပ်ဂိုးသမားတဦးဖြစ်တဲ့ မာ့ခ်ဂီလီစပီလည်း ရှိနေပေမယ့် သူကလည်း ၃ နှစ်အတွင်း တပွဲမှ မကစားခဲ့ရသူဖြစ်နေပါတယ်။
ဒါပေမယ့်လည်း နယူးကာဆယ်နည်းပြဟိုဝီကတော့ လူငယ်အကယ်ဒမီက အသက် ၁၈ နှစ်အရွယ် ဂိုးသမားဖြစ်သူ သွန်မ်ဆင်ကို အသင်းကြီးအတွက် ခေါ်ယူခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီလူငယ်ဂိုးသမားက အသင်းကြီးအတွက် ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်ရရင်ရ မရရင်တော့ အရန်ဂိုးသမားအဖြစ်နဲ့ လူစာရင်းမှာ သေချာပေါက်ပါဝင်လာဖို့ရှိနေပါတယ်။
သူဟာ နယူးကာဆယ်နဲ့ ၂၀၂၁ ခုနှစ်ကမှ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ ဟိုဝီကတော့ ကာရီယပ်စ်က လန်းဆန်းတက်ကြွနေတယ်လို့ဆိုခဲ့ပြီး ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာခဲ့ပါပြီ။ "ကျနော် သူနဲ့ စနေနေ့ညမှာ စကားပြောဖို့ရှိပါတယ်၊ ပွဲမတိုင်ခင် သူနဲ့ ဆက်သွယ်စကားပြောဖို့ လိုအပ်တယ်လို့ ခံစားရလို့ပါ" လို့ ဟိုဝီက ဆိုပါတယ်။
နယူးကာဆယ်ကတော့ နှစ်ပေါင်းများစွာကြာမြင့်ပြီးမှ ဗိုလ်လုပွဲတပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်သလို တဖက်မှာလည်း ယူနိုက်တက်က ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားတလုံးကို ရယူနိုင်ဖို့ အားထုတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ဗိုလ်လုပွဲအဖြစ်ရှိနေကာ အကြိတ်အနယ်ရှိမယ်လို့ မျှော်လင့်ရပါတယ်။