အော်တီဂါက အီဒါဆင်ရဲ့နောက် ဒုတိယဦးစားပေးဂိုးသမားပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီနေ့ည ကစားမယ့် ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အရန်ဂိုးသမား အော်တီဂါပဲ ပွဲထွက်လာမှာဖြစ်ကြောင်း တရားဝင်အတည်ပြု‌ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဖလား သုံးလုံး အိပ်မက်ပြည့်ဝဖို့အတွက် ဒုတိယခြေလှမ်းအဖြစ် ဝင်ဘလေကွင်းမှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။



အီဒါဆင်ရဲ့နောက် ဒုတိယဦးစားပေး ဂိုးသမားဖြစ်တဲ့ အော်တီဂါဟာ ဒီရာသီ အက်ဖ်အေဖလားပွဲစဥ်အားလုံးမှာ မန်စီးတီးအတွက် ပွဲထွက်ကစားခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိလာတဲ့အထိ တစ်ဂိုးမှ မပေးခဲ့ရပါဘူး။ မန်စီးတီးဟာ ဒီနှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်ရောက်ရာ လမ်းကြောင်း တစ်လျှောက်မှာ ချဲလ်ဆီး၊ အာဆင်နယ်၊ ဘရစ္စတိုလ်စီးတီး၊ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်တို့နဲ့ ရင်ဆိုင်ခဲ့ရတာပါ။



ဒီပွဲတွေအားလုံးမှာ မန်စီးတီးတို့ ပေးဂိုးမရှိ နိုင်ပွဲတွေ ရယူနိုင်ခဲ့ပြီး ဂွါဒီယိုလာကတော့ အဆိုပါပွဲတွေမှာ ပါဝင်ကစားခဲ့တဲ့ အော်တီဂါကိုသာ ဗိုလ်လုပွဲအတွက် အခွင့်အရေးပေးဖို့ ပြင်ဆင်ထားပါတယ်။ ဂွါဒီယိုလာက “အော်တီဂါပဲ ဗိုလ်လုပွဲမှာ ကစားမှာပါ။ ကျွန်တော်က ဘာစီလိုနာမှာတောင် အမြဲတမ်း ဒီလိုပါပဲ။ ဖလားပွဲမှာ ကစားတဲ့ ဂိုးသမားက ဗိုလ်လုပွဲမှာလည်း ကစားခွင့်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အရန်ဂိုးသမား အော်တီဂါနဲ့ ပတ်သက်လို့တော့ ပရိသတ်အချို့က စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် လီဗာပူးနဲ့ ကစားခဲ့ရာမှာ ပွဲထွက်ခဲ့တဲ့ အရန်ဂိုးသမား စတီဖင်က အမှားအယွင်းတွေ ကျူးလွန်ခဲ့ပြီး မန်စီးတီးကလည်း ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရဖူးပါတယ်။

ဒီရာသီမှာတော့ အော်တီဂါက ပေးဂိုးမရှိတဲ့ပွဲ (၁၀) ပွဲ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ပြီး ပြည်တွင်းဖလားပွဲတွေအတွက် ဂွါဒီယိုလာ ယုံကြည်စွာနဲ့ အားကိုးခြင်းကို ခံနေရတဲ့ ဂိုးသမားလည်းဖြစ်ပါတယ်။ အော်တီဂါအနေနဲ့ ဒီနေ့ည ယူနိုက်တက်နဲ့ ဗိုလ်လုပွဲမှာလည်း ပေးဂိုးမရှိအောင် ဆက်လက်စွမ်းဆောင်နိုင်ပြီး အသင်းနဲ့အတူ အက်ဖ်အေဖလား ဆွတ်ခူးနိုင်မလား စောင့်ကြည့်ရမှာပါ။ 

Share

Loading Next Article...
က္က