တနင်္လာနေ့မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်ပွဲစဉ်မတိုင်ခင်မှာ ယူနိုက်တက်ပရိသတ်တွေက အသင်းပိုင်ရှင်ဂလေဇာမိသားစုကို ဆန္ဒပြသသွားဖို့စီစဉ်ထားပါတယ်။ ပရိသတ် ၁၀၀၀ ခန့်က ဆန္ဒပြသွားမှာဖြစ်ပြီး တကယ်လို့သာ ဒီဆန္ဒပြမှုနေ ပွဲရွှေ့ဆိုင်းဖို့ဖြစ်လာခဲ့မယ်ဆိုရင် သူတို့အသင်းကို ရမှတ်အပြည့်ပေးဖို့အတွက် လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က တောင်းဆိုလိုက်ပါတယ်။
ယူနိုက်တက်ပရိသတ်တွေဟာ ပြီးခဲ့တဲ့တကြိမ်က လီဗာပူးလ်နဲ့ပွဲမတိုင်ခင်မှာ ဒီလိုဆန္ဒပြမှုတွေကို လုပ်ခဲ့ဖူးပြီး ကွင်းအထဲထိဝင်ရောက်ခဲ့ကာ ကွင်းအတွင်းက ပစ္စည်းတွေကို အိမ်အထိပြန်သယ်သွားခဲ့တဲ့အထိ သောင်းကျန်ခဲ့ကြပါတယ်။ အသင်းရလဒ်တွေဆိုးရွားနေမှုရဲ့ အဓိကတရားခံဟာ အသင်းပိုင်ရှင်ဂလေဇာမိသားစုကြောင့်လို့ ယူဆပြီး ဆန္ဒပြကာ အသင်းကို လက်လွှဲရောင်းချဖို့အတွက် တောင်းဆိုနေကြတာဖြစ်ပြီး မနက်ဖြန်မှာလည်း အလားတူကွင်းထဲဝင်ရောက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ပွဲရွှေ့ဆိုင်းမှုကြောင့် ရင်ဆိုင်ရမယ့် ပွဲစဉ်အကျပ်အတည်းတွေကို ကလော့ပ်က ထောက်ပြပြောဆိုခဲ့ပြီး ရွှေ့ဆိုင်းခဲ့မယ်ဆိုရင် သူတို့ကိုအမှတ်ပေးသင့်တယ်လို့ ဆိုခဲ့တာပါ။ "ဒီလိုတွေဖြစ်မလာဖို့ကို ကျနော်မျှော်လင့်ပါတယ်၊ ဒါပေမယ့် ဖြစ်လာခဲ့တယ်ဆိုရင်တော့ ကျနော်တို့ အမှတ်ရသင့်တယ်လို့ ထင်တယ်၊ ဒီအခြေအနေမှာ ကျနော်တို့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး၊ ယူနိုက်တက်ပရိသတ်တွေက ပွဲဖြစ်မလာစေချင်ဘူးဆိုရင်ပေါ့"
"ဒီပွဲကိုပြန်စီစဉ်ဖို့လည်း ကျနော်တို့မတတ်နိုင်ဘူး၊ မယုံနိုင်လောက်အောင်ကို ပွဲတွေပြည့်ကျပ်နေတဲ့ကာလမှာ ဒါကို အံဝင်ဂွင်ကျဖြစ်အောင် ကြိုးစားဖို့က မရပါဘူး၊ ကျနော်တို့ ဒီပွဲကိုကစားနိုင်ဖို့ မျှော်လင့်ပါတယ်၊ ဘာတွေဖြစ်လာမလဲတော့ ကျနော်မသိဘူး၊ ဒါပေမယ့် အခြေအနေက အဲလိုဖြစ်နေလာရင် တခြားအသင်းတွေလည်း အမှတ်ရသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ဒါကို ဘာမှလုပ်လို့မှမရတာ၊ ဒီပွဲအတွက် ကျနော်တို့ပြင်ဆင်ထားပြီးပါပြီ" လို့ ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူးလ်ဟာ နိုဝင်ဘာလမှာကျင်းပမယ့် ကမ္ဘာ့ဖလားမတိုင်ခင် ပွဲပေါင်း ၂၅ ပွဲအထိ ကစားဖို့ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တခါက ရွှေ့ဆိုင်းခဲ့တဲ့ပွဲကို ပြန်ကန်ခဲ့ရာမှာတော့ လီဗာပူးလ်က အနိုင်ရရှိခဲ့ပါတယ်။ ဒီနှစ်သင်းစလုံးဟာ လက်ရှိရာသီမှာ နိုင်ပွဲမရသေးဘဲ ယူနိုက်တက်က နှစ်ပွဲစလုံးရှုံးကာ လီဗာပူးလ်က နှစ်ပွဲစလုံးသရေကျထားခဲ့ပါတယ်။