သူနဲ့ပတ်သက်တာအားလုံးကို ဖျောက်ပစ်၊ ဆိုင်းငံ့နေပါပြီ။

အတူနေချစ်သူကို အိမ်တွင်းအကြမ်းဖက်မှု၊ အတင်းအကျပ်လိင်ဆက်ဆံဖို့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ ယူနိုက်တက်တိုက်စစ်မှူးမေဆန်ဂရင်း၀ုဒ်ဟာ အဖက်ဖက်ကထိုးနှက်ခံနေရပြီဖြစ်ပါတယ်။ အသင်းဖော်တွေက သူ့ကို လူမှုကွန်ယက်ပေါ်ကနေ ဝိုင်းကျဉ်လိုက်ကြသလို ပရိသတ်တွေကလည်း ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အခုအခါမှာ ဂရင်း၀ုဒ်နဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းတွေအားလုံးကို ယူနိုက်တက်က သူတို့ရဲ့ official store တွေကနေ သိမ်းဆည်းလိုက်ပြီဖြစ်ပါတယ်။ ကစားသမားနဲ့ပတ်သက်တာတွေကို ရောင်းချနေမှုတွေကိုပါ ရပ်တန့်ခဲ့တာဖြစ်ပြီး ဂရင်း၀ုဒ်ရဲ့နာမည်ကို ရိုက်ရှာတယ်ဆိုင်ဘယ်လိုပစ္စည်းမျိုးမှ မရှိဘူးဆိုတာအကြောင်းကြားစာကိုသာ မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။ 

ဒါတင်မကသေးဘဲ ကစားသမားကို သီးသန့်စပွန်ဆာပေးထားတဲ့ Nike ကုမ္ပဏီကလည်း သူတို့နဲ့ကစားသမားကြား ပတ်သက်နေမှုတွေကို ဆိုင်းငံ့လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ "ဂရင်း၀ုဒ်နဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ဆိုင်းငံ့လိုက်ပါတယ်၊ စိတ်အနှောင့်အယှက်ဖြစ်စရာစွပ်စွဲချက်တွေကြောင့် ကျနော်တို့ အရမ်းစိုးရိမ်မိပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်" လို့ ကြေညာခဲ့တာပါ။ 

အသက်အားဖြင့် ငယ်ရွယ်သေးပြီး လူငယ်တဦးသာရှိသေးတဲ့ ဂရင်း၀ုဒ်အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတွေဖြစ်ပါတယ်။ သူ့ရဲ့ မဆင်မခြင်ပြုလုပ်ခဲ့မှု၊ လိင်ပိုင်းဆိုင်ရာအာသီသပြင်းပြမှုတွေက သူ့ဘ၀ကိုပါ အမိုက်မှောင်ထဲဆွဲချသွားခဲ့ပါပြီ။ အိုက်စလန်မှာ မိန်းကလေးတွေခေါ်ယူပြီး ပျော်ပါးဖို့ကြိုးစားခဲ့တာကြောင့် အင်္ဂလန်အသင်းကနေ ပြန်လွှတ်ခံခဲ့ရမှုကို နမူနာမယူဘဲ ဆက်မိုက်ခဲ့တဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။ 


လက်ရှိမှာ သူ့အမှုကို စုံစမ်းစစ်ဆေးနေပြီး သက်သေတွေကလည်း ခိုင်မာနေလို့ ဂရင်း၀ုဒ်တယောက် ထောင်နန်းစံရဖို့က သေချာသလောက်ရှိနေတယ်လို့ ဆိုပါတယ်။ တကယ်လို့ ကံကောင်းပြီးပြန်လွတ်လာခဲ့ရင်တောင် ယူနိုက်တက်က သူ့ကိုအသင်းမှာဆက်ထားဖို့က မသေချာဘူးလို့သိရပြီး သူ့ရဲ့ကစားသမားဘ၀ပါ အကြီးအကျယ်ထိခိုက်တော့မှာဖြစ်ပါတယ်။ 

Share

က္က