လာမယ့် ပရီးမီးယားလိဂ်ပွဲစဥ် (၃) အဖြစ် အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ယူနိုက်တက်နဲ့လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲကို ယူနိုက်တက်ပရိသတ်တွေ အိုးထရက်ဖို့ဒ်ကွင်းထဲဝင်မကြည့်ဘဲ သပိတ်မှောက်ဖို့ စီစဥ်နေကြတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ပရိသတ်တွေဟာ ဘရိုက်တန်နဲ့ရာသီအဖွင့်ပွဲမစခင်ကလည်း အိုးထရက်ဖို့ဒ်ကွင်းအပြင်မှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါသေးတယ်။
အခု လီဗာပူးနဲ့ပွဲမှာလည်း ယူနိုက်တက်ပရိသတ်အများအပြားက အိုးထရက်ဖို့ဒ်ကွင်းထဲ ဝင်ရောက်ကြည့်ရှုမှာ မဟုတ်ဘူးလို့ သိရှိရပြီး အခြားသောပရိသတ်တွေကိုလည်း အိုးထရက်ဖို့ဒ်ကွင်းအတွင်း သွားမကြည့်ဖို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ လှုပ်ရှားမှုတွေပြုလုပ်နေကြပါတယ်။ ယူနိုက်တက်ပရိသတ်တွေဟာ ဒီအတွက် #EmptyOldTrafford ဆိုတဲ့ လှုပ်ရှားမှုကို တွစ်တာပေါ်မှာ စတင်ပြုလုပ်နေကြပါပြီ။
ယူနိုက်တက်ဟာ ကွင်းပြင်မှာ အောင်မြင်တဲ့ကုန်အမှတ်တံဆိပ်တခုအဖြစ် လက်ရှိအချိန်ထိ ရပ်တည်နေဆဲဖြစ်ပေမယ့် ကွင်းတွင်းအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ကာလရှည်ကြာခဲ့ပါပြီ။ ယူနိုက်တက်ပရိသတ်တွေဟာ ပြီးခဲ့တဲ့တရာသီခြားက အခုလိုပဲ လီဗာပူးနဲ့ ကစားမယ့်ပွဲမတိုင်ခင် အိုးထရက်ဖို့ဒ်ကွင်းအတွင်း ကျူးကျော်ဝင်ရောက် ဆန္ဒပြခဲ့ကြသလို လီဗာပူးရဲ့ဘတ်စ်ကားကိုလည်း လမ်းပိတ်ထားခဲ့တာကြောင့် ပွဲစဥ်ရွှေ့ဆိုင်းခဲ့ရဖူးပါတယ်။
လက်ရှိယူနိုက်တက်ပိုင်ရှင်ဂလေဇာမိသားစုဟာ ပြီးခဲ့တဲ့ (၂၀၀၅) မှာ ယူနိုက်တက်ကို စတင်ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့က ကိုယ်ကျိုးစီးပွားအတွက်သာ ရှေးရှုပြီး အသင်းအောင်မြင်မှုမရချိန်မှာတောင် အသင်းကတဆင့် ရရှိတဲ့ အမြတ်ငွေတွေကို နှစ်စဥ်နှစ်တိုင်း သဲ့ယူခဲ့တာကြောင့် ဂယ်ရီနဗီးလ်ကလည်း ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ အပြင်းထန်ဆုံး ဆန္ဒပြမှုတွေကို ဆက်တိုက်ပြုလုပ်သွားဖို့ ပြင်ဆင်ထားပြီး အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ဖို့အထိ ရည်ရွယ်ထားကြပါတယ်။ ယူနိုက်တက်ဒါရိုက်တာဟောင်း နိုက်တန်ကလည်း အသင်းကိုဝယ်ယူဖို့ ကမ်းလှမ်းသွားမယ်လို့ဆိုထားပြီး ဒီအနေအထားအပေါ်မှာလည်း ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။