ယူနိုက်တက်နဲ့ဗီလာရီးရဲယ်ပွဲ၊ ဂျူဗင်တပ်စ်နဲ့ချဲလ်ဆီးပွဲတို့အတွက် အိုဝင်က ခန့်မှန်းပေးခဲ့တာဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်ဟာ ပရီးမီးယားလိဂ်ပွဲစဥ်တွေကို အပတ်စဥ်အပတ်တိုင်း ခန့်မှန်းပေးရင်းနဲ့ မနေ့ညက ကစားခဲ့တဲ့ PSG နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ်ပွဲကိုလည်း ခန့်မှန်းပေးခဲ့ပါတယ်။

အိုဝင်ကတော့ အဲ့ဒီပွဲကို သရေကျမယ်လို့ ခန့်မှန်းပေးခဲ့တာဖြစ်ပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ PSG က ကွင်းလယ်လူ ဂွေယီ၊ တိုက်စစ်ကစားသမား မက်ဆီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အိုဝင်ဟာ ဒီညမှာ ကစားမယ့် ယူနိုက်တက်နဲ့ ဗီလာရီးရဲယ်ပွဲကိုလည်း ခန့်မှန်းပေးခဲ့ပြီး ဒီပွဲမှာ ယူနိုက်တက်တို့ အိမ်ကွင်းမှာ အနိုင်ရသွားမယ်လို့ဆိုခဲ့တာပါ။

အိုဝင်က “ဒီပွဲက ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့ ယူနိုက်တက်အတွက် မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲ ဖြစ်ပါတယ်။ ဗီလာရီးရဲယ်က စုစည်းမှုကောင်းတဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် သူတို့ရဲ့ ရာသီအစပိုင်း လာလီဂါက ရလဒ်တွေက ထူးဆန်းပါတယ်”

“ရာသီအဖွင့် (၆) ပွဲမှာ (၅) ပွဲသရေကျခဲ့ပါတယ်။ အူနိုင်းအမ်မရီက ဥရောပအတွေ့အကြုံရင့် နည်းပြတစ်ယောက်ပါ။ ဒါပေမယ့် ယူနိုက်တက်က သူတို့အတွက်တော့ အရမ်းကောင်းလွန်းတဲ့အသင်း ဖြစ်နေပါတယ်။ ယူနိုက်တက်တို့ ၂-၀ နဲ့ အနိုင်ရသွားပါလိမ့်မယ်” လို့ ခန့်မှန်းပေးသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် အုပ်စုတွင်းမှာ အင်အားအနည်းဆုံးပြိုင်ဘက် ယန်းဘွိုင်းစ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲကိုမဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတဲ့ အနေအထားပါ။ ဗီလာရီးရဲယ်ကလည်း အတ္တလန်တာနဲ့ အုပ်စုအဖွင့် အိမ်ကွင်းပွဲမှာ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပြီး ဒီပွဲကတော့ နှစ်သင်းလုံးအတွက် ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲကို ရှာဖွေနိုင်ဖို့ လိုအပ်နေတဲ့ပွဲလည်းဖြစ်ပါတယ်။


ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ နောက်ဆုံးထိပ်တိုက်တွေ့ခဲ့ဖူးပြီး ပွဲချိန်အတွင်း တစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာမှာ ဗီလာရီးရဲယ်က အနိုင်ရပြီး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် အိုဝင်က ဒီညရဲ့ နောက်ထပ်ပွဲကြီးပွဲကောင်းတစ်ပွဲအဖြစ် ဂျူဗင်တပ်စ်နဲ့ချဲလ်ဆီးတို့ပွဲမှာလည်း ချဲလ်ဆီးက အဝေးကွင်း တူရင်မှာ ၀-၁ ဂိုးနဲ့ ကပ်နိုင်သွားမယ်လို့ ခန့်မှန်းထားတာကြောင့် ယူနိုက်တက်နဲ့ချဲလ်ဆီးတို့ အိုဝင်ခန့်မှန်းတဲ့အတိုင်း အမှန်တကယ်နိုင်ပွဲရသွားမလား စောင့်ကြည့်ရတော့မှာပါ။

Share

က္က