အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို လာရောက်ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အတွက် ဆာဂျီယိုဘက်ကွက်စ် အသင့်ဖြစ်နေပြီလို့ ဘာကာနည်းပြဇာဗီက ပြောဆိုလိုက်ပါပြီ။ ပီဒရီနဲ့ ဂါဗီတို့ မပါဝင်နိုင်တော့မယ့် ဒီပွဲစဉ်အတွက် ဘက်ကွက်စ်က ပြန်ကစားပေးနိုင်တော့မှာကို ဇာဗီက ကျေနပ်နေပြီး ညက ကစားခဲ့တဲ့ ကာဒစ်ဇ်နဲ့ပွဲမှာ တမင်အသုံးမပြုဘဲ ချန်ထားရစ်ခဲ့ပါတယ်။
လာမယ့်ပွဲအတွက် ဂါဗီက ပွဲပယ်ခံထားရပြီး ပီဒရီက ဒဏ်ရာရသွားတာကြောင့် ကွင်းလယ်ပိုင်းအခက်တွေ့နေတဲ့ ဇာဗီအတွက် ဝါရင့်ကွင်းလယ်လူပြန်ကစားနိုင်တော့မှာက သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ အားကိုးရတဲ့ လူငယ်ကွင်းလယ်လူ နှစ်ဦးမပါဝင်နိုင်လို့ မန်ချက်စတာမှာ သူတို့တွေ ရုန်းကန်ရဖွယ်တော့ ရှိနေပါတယ်။
ဇာဗီက "ဘက်ကွက်စ်က ဒီနေ့ပွဲ (ကာဒစ်ဇ်) အတွက် အသင့်ဖြစ်နေပါပြီ၊ ဒါပေမယ့် သူ့ကို ကျနော်မကစားစေချင်ဘူး၊ မန်ချက်စတာယူနိက်တက်နဲ့ပွဲအတွက် သူ အဆင်သင့်ဖြစ်နေပါလိမ့်မယ်" လို့ ဇာဗီက မနေ့ညက ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ဇာဗီက အဲဒီပွဲမှာ ကစားသမား ၆ ဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး အလွန်ဆို၊ အယ်လ်ဘာ၊ကက်ဆီ၊ ရာဖင်ဟာတို့ကို အနားပေးခဲ့ပါတယ်။
ယူနိုက်တက်ကလည်း ဘာကာနဲ့ပွဲမတိုင်ခင်မှာ လက်စတာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ရက်ရှ်ဖို့ဒ်က ၂ ဂိုးနဲ့ ဆန်ချိုက ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။