မန်ချက်စတာယူနိုက်တက်ကို ၄-၀ နဲ့ ဘရိုက်တန်တို့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူတို့အသင်းရဲ့ ကစားသမား ၂ ဦးဟာ ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ်ဂိုးတွေကို သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကိုင်စီဒိုနဲ့ ဘာစီလိုနာလူငယ်ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ မာ့ကူကူရယ်လာတို့ဖြစ်ကာ ယူနိုက်တက်နဲ့အတွေ့မှာမှ ပထမဆုံးလိဂ်ဂိုးတွေကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ကိုင်စီဒိုကတော့ လှပတဲ့အဝေးကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပြီး ၆ ပွဲကစားပေးပြီးချိန်မှာမှ ပထမဆုံးဂိုးသွင်းနိုင်ခဲ့တာပါ။ သူဟာ ဒီရာသီအစမှာ ဘယ်လ်ဂျီယံပထမတန်းက ဘီယာရှော့အသင်းမှာ အငှားနဲ့သွားကစားရသေးသူဖြစ်ပါတယ်။ ကူကူရယ်လာကတော့ ၃၃ ပွဲအထိ ကစားပေးခဲ့ပြီးကာမှ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ရာသီကုန်ခါနီးမှာ တောက်လျှောက်ခြေတက်နေတဲ့ ဘရိုက်တန်ဟာ အာဆင်နယ်၊ စပါး၊ ယူနိုက်တက်တို့ကို ဆက်တိုက်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၆ ပွဲမှာ ၄ ပွဲအထိအနိုင်ရခဲ့ပြီး ဂရေဟမ်ပေါ်တာရဲ့အသင်းက အဆင့်၉ နေရာအထိကို တက်လှမ်းလာနိုင်ခဲ့ပြီး သင်္ချာနည်းအရဆိုရင် သူတို့က ယူရိုပါကွန်ဖရင့်လိဂ်ကိုပါ ဝင်ခွင့်ရမယ့်အထိ မျှော်လင့်နိုင်သေးတာဖြစ်ပါတယ်။
ကူကူရယ်လာကတော့ သူ့အတွက် နိုင်ငံအသစ်၊ လိဂ်အသစ်၊ ဘာသာစကားအသစ်တွေကြားမှာ အခက်အခဲတွေရှိနေခဲ့ပေမယ့် အခုအခါမှာတော့ သူနဲ့ သူ့မိသားစုအတွက် စိတ်လှုပ်ရှားစရာအခြေအနေတွေဖြစ်နေခဲ့ပြီလို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ သူတို့အနိုင်ယူခဲ့တဲ့ ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။