ယူနိုက်တက်နဲ့ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ယူနိုက်တက်ကို အိမ်ကွင်းမှာ တဂိုးစီသရေကျခဲ့တဲ့ပွဲအပြီး သရေရလဒ်က ထိုက်တန်ကြောင်း၊ အသင်းအနေနဲ့ အနိုင်ရရှိအောင် လုံလောက်တဲ့ စွမ်းဆောင်မှုမျိုးမရှိခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံးက နောက်ကျသွင်းဂိုးတွေနဲ့အတူ ပွဲအပြီးမှာ တဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ကြတာပါ။



ပွဲကစားချိန် (၈၆) မိနစ်မှာ ထောင့်ကန်ဘောကတဆင့် ဘရိုဂျာကို တွမ်မီနေး ဆွဲလှဲခဲ့တာကြောင့် ရရှိလာတဲ့ ပင်နယ်တီကို ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ အဆုံးသတ်ကန်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် အဖိုးတန်ချေပဂိုးကို ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှာ ကက်စ်မဲရိုးက ခေါင်းတိုက် သွင်းယူပေးခဲ့ပြီး တဂိုးစီသရေကျခဲ့ကြတာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပေါ်တာက “ပထမပိုင်း မိနစ် (၃၀) မှာ ယူနိုက်တက်က ပိုကောင်းခဲ့ပြီး ကျနော်တို့ကို ခံစစ်တန်းမှာ အချိန်ကုန်အောင် ဖိအားပေးနိုင်ခဲ့ပါတယ်။ ကျနော်တို့အတွက် နောက်ထပ် ကွင်းလယ်လူတယောက် ထပ်ထည့်ဖို့ လိုအပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်က သူတို့ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို အလွယ်တကူ စတင်နေလို့ပါ”

“ကျနော်တို့ အဲ့ဒီအခြေအနေကို ပြုပြင်ဖို့ လိုအပ်ခဲ့ပြီး အားလုံးခြုံကြည့်လိုက်မယ်ဆိုရင်တော့ သရေတမှတ်က မှန်ကန်တဲ့ရလဒ်ပါ။ ကျနော်တို့ ဒီပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပထမပိုင်းမှာ ကစားပုံအရ ချဲလ်ဆီးကို လွှမ်းမိုးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်းရရှိခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးဂိုးသမား ကီပါ လက်စွမ်းပြခဲ့တာ၊ အန်တိုနီဂိုးကံခေခဲ့တာတွေကြောင့် ချဲလ်ဆီးတို့ သက်သာရာရခဲ့ပါတယ်။ ပေါ်တာကလည်း ပထမပိုင်းမှာတင် ကူကူရယ်လာကို ထုတ်ပြီး ကိုဗာဆစ်ကို လူစားထည့်သွင်းကစားစေခဲ့ကာ ယူနိုက်တက်ကို ကွင်းလယ်ချင်း ပြန်ယှဥ်နိုင်ဖို့ အပြောင်းအလဲလုပ်ခဲ့ရသေးတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က