စပိန်လာလီဂါမှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ အယ်လ်မီရီယာကို အံ့အားသင့်ဖွယ် အရေးနိမ့်သွားခဲ့ပါတယ်။ ဇာဗီရဲ့ အသင်းဟာ တပွဲလုံးခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပြီး အယ်လ်မီရီယာက တလုံးတည်းသော ဂိုးနဲ့ အနိုင်ယူကာ ဘာစီလိုနာကို အလဲထိုးပြီး လာလီဂါမှာ ရှားရှားပါးပါးရှုံးပွဲကို ထပ်မံခံစားစေခဲ့ပါတယ်။
ဒါဟာ မန်ချက်စတာယူနိုက်တ်ကကို အရေးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာတို့ ဆက်တိုက်အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ယူနိုက်တက်ကို အရေးနိမ့်ကာ ထွက်ခွာခဲ့ရပြီး လာလီဂါမှာလည်း ရှုံးပွဲတွေ့ကာ ရီးရဲလ်တို့ မက်ဒရစ်ဒါဘီပွဲမှာ သရေကျခဲ့တာကို အခွင့်ကောင်းမယူနိုင်တဲ့အပြင် ၈ မှတ်ကွာဟရာကနေ ၇မှတ်အကွာကို ပြန်ရောက်လာခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဇာဗီက "ဘာဆိုဘာမှကို ကောင်းမွန်တာမရှိဘူး၊ ဆိုးရွားတဲ့ပွဲတပွဲကို ကစားခဲ့တယ်၊ ကျနော်ဒေါသထွက်မိပါတယ်၊ ဘာလို့လဲဆိုတော့ ၁၀ မှတ်အထိ ဖြတ်တောက်ထားနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် မလုပ်နိုင်ခဲ့လို့ပါ၊ ဒီအတွက် ကျနော်တို့ အဖြေရှာရပါမယ်၊ ကျနော်တို့ ဒီထက်ပိုပြီးတော့ ကျရှုံးလို့မဖြစ်တော့ပါဘူး၊ မက်ဒရစ်က သရေကျခဲ့တာ တကယ့်ရွှေအခွင့်အရေးပါ၊ ဒါကို မရယူနိုင်ခဲ့ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာအတွက်တော့ ဒီပွဲဟာ ဒီရာသီလာလီဂါမှာ ၂ပွဲမြောက်ရှုံးပွဲဖြစ်ပြီး ကစားကွက်ကတဆင့် ဂိုးမပေးရတဲ့ စံချိန်ကောင်းလည်း ပျက်ပြယ်ခဲ့ရပါတယ်။ ဒီပွဲမှာတော့ ဂါဗီလည်း ပြန်လည်ကစားပေးခဲ့ပြီး လူစုံတက်စုံနီးပါး ပါဝင်ခဲ့ပေမယ့် တပွဲလုံးမှာ ဘာကာက ဂိုးပေါက်တည့်မှုတကြိမ်တည်းသာ ရှိခဲ့ပြီး အယ်လ်မီရီယာကတောင် လေးကြိမ်အထိ ရှိခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။