မော်ရင်ဟိုကတော့ စကားလုံးအစွမ်းတွေ ထပ်ပြခဲ့တာပါ။

ယူနိုက်တက်က ဆုဖလားတွေကိုင်မြှောက်ဖို့ ရည်ရွယ်ချက်မရှိတော့ဘူးလို့ နည်းပြဟောင်း မော်ရင်ဟိုက သွယ်ဝိုက်ပြောကြားလိုက်ပါတယ်။ ဒါဟာ မော်ရင်ဟိုအနေနဲ့ အဲရစ်တန်ဟက်ခ် ယူနိုက်တက် ရောက်လာတာကို မထိတထိနဲ့ကြိုဆိုလိုက်တယ်လို့လည်း ပရိသတ်တွေက ယူဆနေကြပါတယ်။



အဲရစ်တန်ဟက်ခ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာပြီးပြီးချင်းမှာ မီဒီယာတွေက မော်ရင်ဟိုကို အဲရစ်တန်ဟက်ခ်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုကတော့ သူ့အသင်းဟောင်းဖြစ်သွားပြီမို့လို့ ဘာအကြံဥာဏ်မှ ပေးစရာမရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီကြားထဲမှာလည်း မော်ရင်ဟိုက ပရီးမီးယားလိဂ်မှာ ယူနိုက်တက်နဲ့အတူ အဆင့် (၂) ရရှိခဲ့တာက ဘာကြောင့်သူ့အတွက် အကြီးမားဆုံး အောင်မြင်မှုလို့ ပြောရသလဲ သိလောက်ပါပြီလို့လည်း ယူနိုက်တက်ရဲ့ စီမံခန့်ခွဲမှုအပေါ် သွယ်ဝိုက်ကာ ရိသဲ့သဲ့ ပြောကြားခဲ့ပါသေးတယ်။

အခုတခါမှာတော့ ယူနိုက်တက်ရဲ့ ရည်မှန်းချက်နဲ့ ပတ်သက်လို့ မော်ရင်ဟိုက သွယ်ဝိုက်ပြောကြားခဲ့ပြန်ပါတယ်။ မော်ရင်ဟိုက “အန်ဆယ်လော့တီ အဲဗာတန်ကို နည်းပြနေတုန်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာက သူတို့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ မရည်ရွယ်တဲ့အသင်းမို့လို့ပါ။ ဒါက ပြဿနာဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်”

“ကျနော်နဲ့ဆိုရင်လည်း ခင်ဗျားတို့ သိမှာပါ။ ကျနော်က တချို့အသင်းတွေကို ကိုင်တွယ်တယ်၊ ခင်ဗျားတို့ကတော့ ကျနော်နဲ့ဒီအသင်းက ဆုဖလားတွေ ရယူဖို့အတွက်လို့ ထင်နေမှာပဲ။ ဒါပေမယ့် တချို့အသင်းတွေ ကျနော်ကိုင်တွယ်ခဲ့တုန်းက ဆုဖလားကိုင်မြှောက်ခွင့်ရဖို့ မမျှော်လင့်ခဲ့ရပါဘူး”

“ဒါပေမယ့် ခင်ဗျားရဲ့ဘဝမှာ အောင်မြင်မှုတွေရရှိခဲ့တယ်ဆိုရင်တော့ လူတွေက ဒါကိုမျှော်လင့်မှာပဲလေ။ ပုဂ္ဂိုလ်ရေးအရပြောရမယ်ဆိုရင် လူငယ်နည်းပြတွေနဲ့ အစားထိုးခံရမှာကို ကျနော် မစိုးရိမ်ပါဘူး။ ကျနော်က အရည်အသွေးဆိုတာကိုပဲ အာရုံစိုက်တာပါ”

“ခင်ဗျားက အနိုင်ရလိုစိတ်ရော၊ ဖိအားရောမရှိရင်တော့ ခင်ဗျား သွားပါပြီ။ ပွဲကြီးတွေမှာဆိုရင် သိပ်သိသာတာပေါ့” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြဟောင်း ဗန်ဟားလ်ကလည်း ယူနိုက်တက်ဟာ စီးပွားရေးဆန်တဲ့ အသင်းတသင်းသာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ဖူးပါသေးတယ်။ 

Share

Loading Next Article...
က္က