ဖာဂူဆန်ရဲ့ ယူနိုက်တက်နည်းပြဘဝ အမှတ်တရဖြစ်ပါတယ်။

ဒီနေ့ကတော့ ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။ ဖာဂူဆန်ဟာ အသင်းရဲ့ သက်တော်ရှည်နည်းပြတယောက်အဖြစ် သူ့ခေတ်သူ့အခါမှာ ပြိုင်ဘက်တွေ မော်မကြည့်နိုင်အောင် အသင်းကို ပြုစုပျိုးထောင်ပေးခဲ့သူပါ။



ဖာဂူဆန်လက်ထက် ယူနိုက်တက်က အောင်မြင်မှုအလီလီ ဆွတ်ခူးနိုင်ခဲ့ပေမယ့် သူ အနားယူသွားခဲ့ပြီးနောက်ပိုင်းမှာတော့ အသင်းက အမှတ်ပေးချန်ပီယံဆုနဲ့ ကာလရှည်ဝေးကွာခဲ့ရပြီး ဆုဖလားတလုံးဆွတ်ခူးဖို့အတွက်တောင် အနိုင်နိုင် ကြိုးစားနေရပါတယ်။ သူ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တုန်းက စိတ်ရောကိုယ်ပါ နှစ်မြှုပ်ခဲ့ပြီး အသင်းအတွက် အရာရာတိုင်းကို ပေးဆပ်ခဲ့သူတယောက်ဆိုရင် မမှားပါဘူး။

ဒီလိုမျိုး ဖာဂူဆန်ကြီးက သူ့ရဲ့ (၂၆) နှစ်ကြာ ယူနိုက်တက်နည်းပြဘဝမှာ အသင်းရဲ့ ပွဲစဥ် (၃) ပွဲကိုသာ လွဲချော်ခဲ့ဖူးပါတယ်။ ယူနိုက်တက်ကစားတဲ့ပွဲတပွဲကို ဖာဂူဆန်လွဲချော်ခဲ့ရတဲ့ အကြောင်းရင်းတခုက သူ့သားဖြစ်သူရဲ့ မင်္ဂလာဆောင်အခမ်းအနားကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

နောက်ထပ်တပွဲကို လွဲရတဲ့အကြောင်းရင်းကတော့ ညီအကိုတော်စပ်သူရဲ့ ဇနီး ကွယ်လွန်သွားမှုကြောင့် ဖြစ်ပါတယ်။ တတိယမြောက်ပွဲတပွဲ လွဲချော်ရတာကတော့ သူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စမဟုတ်တော့ဘဲ ယူနိုက်တက်ရဲ့ အနာဂတ်ဂိုးပေါက်ကို စောင့်ကြပ်မယ့် ဂိုးသမားကို ကိုယ်တိုင် သွားရောက် စောင့်ကြည့်ရင်း လွဲချော်ခဲ့ရတာပါ။

ဒီဂိုးသမားကတော့ အသင်းရဲ့လက်ရှိ မရှိမဖြစ် အဓိက ဂိုးသမား ဒီဂီယာဖြစ်ပြီး ဖာဂူဆန်ကတော့ အဲ့ဒီအချိန်က ပိန်ပိန်ပါးပါးကောင်လေးကို ဗန်ဒါးဆားနေရာ ဆက်ခံနိုင်မယ့် ကစားသမားအဖြစ် သူကိုယ်တိုင် အသိအမှတ်ပြုခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအချိန်က ဒီဂီယာဟာ အက်သလက်တီကိုနဲ့ဗလင်စီယာပွဲမှာ အက်သလက်တီကိုအတွက် ဝင်ကစားပေးခဲ့တာဖြစ်ပြီး ဒီဂီယာကို ဖာဂူဆန်ကိုယ်တိုင် စောင့်ကြည့်ဖို့ လွဲချော်ခဲ့တဲ့ ယူနိုက်တက်ပွဲစဥ်က စကန်သော့ပ်နဲ့ ကစားခဲ့တဲ့ လိဂ်ဖလားပွဲဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းအရာတွေက တချိန်က အဖြစ်အပျက်ဟောင်းတွေဖြစ်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ ရင်ထဲမှာ ဒီနေ့ဒီအချိန်အထိ အစားထိုးမရတဲ့ နည်းပြကြီး ဖာဂူဆန်ရဲ့ မွေးနေ့အမှတ်တရအဖြစ် ပြန်လည်ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က