အစပိုင်းမှာ ယူနိုက်တက်ကိုကိုင်တွယ်ဖို့ ဇီဒန်း လုံးဝစိတ်မဝင်စားဘူးလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အဆိုပါပြင်သစ်လူမျိုးနည်းပြကြီးက ယူနိုက်တက်ကို တာဝန်ယူဖို့ စိတ်ယိုင်နေပြီလို့ သိရှိရပါတယ်။
ယူနိုက်တက်ဟာ ဆိုးလ်ရှားကို ထုတ်ပယ်တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တုန်းက ခန့်အပ်နိုင်တဲ့နည်းပြတွေစာရင်းမှာ ဇီဒန်း ပါဝင်ခဲ့ပေမယ့် ဇီဒန်းကိုယ်တိုင်က ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို သဘောမကျတာကြောင့် ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။
လတ်တလောကာလမှာ ဆိုးလ်ရှားရဲ့အနာဂတ်က အနည်းငယ်တည်ငြိမ်နေတယ်လို့ဆိုနိုင်ပေမယ့် ဒီတစ်ပတ်မှာ ကစားမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာ ရလဒ်ဆိုးရွားခဲ့ရင် အထုတ်ခံရမယ်လို့ သတင်းတွေက ဖော်ပြနေတာပါ။ ယူနိုက်တက်မှာ ရော်နယ်ဒို၊ ဗာရန်းတို့လိုမျိုး ဇီဒန်းနဲ့ လက်တွဲဖူးတဲ့ ကစားသမားတွေရှိနေပြီး ရော်နယ်ဒိုကလည်း ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဘုတ်အဖွဲ့ကို မီးစိမ်းပြထားတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဘုတ်အဖွဲ့ဟာ အသင်းနည်းပြတွေကို သူတို့စိတ်ကြိုက် ချယ်လှယ်လိုကြပြီး ဇီဒန်းကတော့ ဒါကို လက်ခံနိုင်မှာမဟုတ်ဘူးလို့ သတင်းတွေကဖော်ပြခဲ့ပေမယ့် ရော်နယ်ဒို၊ ဗာရန်းအပြင် သူ့စိတ်ကြိုက်ကစားသမား ပေါ့ဘာပါ အသင်းမှာရှိနေတာကြောင့် ဇီဒန်းအနေနဲ့ ဒီအပေါ်မှာ စိတ်ယိုင်လာတာဖြစ်တယ်လို့ သတင်းထွက်လာတာပါ။ ဒီကစားသမားနှစ်ယောက်လုံးက ရီးရဲယ်မက်ဒရစ်မှာ ဇီဒန်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအောင်မြင်မှုအပါအဝင် အကောင်းဆုံးအချိန်တွေကိုဖြတ်သန်းခဲ့ဖူးပါတယ်။
ယူနိုက်တက် လတ်တလော ပစ်မှတ်ထားနေတဲ့ နည်းပြ (၃) ယောက်စာရင်းမှာ ဇီဒန်းအပြင် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်တို့လည်း ပါဝင်နေတာပါ။ ဇီဒန်းကိုခန့်အပ်နိုင်ဖို့ အဟန့်အတားတစ်ခုကတော့ ဇီဒန်းရဲ့ဇနီး ဗာရိုနစ်ကြောင့်ဖြစ်ပြီး သူကတော့ မန်ချက်စတာမှာ နေထိုင်ဖို့ စိတ်ကူးမရှိသလို ခင်ပွန်းဖြစ်သူကိုလည်း အခုထက် ပိုမိုအနားယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အခြားတစ်ဖက်မှာလည်း ဇီဒန်းက (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်လက်ရွေးစင်ကို ကိုင်တွယ်ခွင့်ရဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပြီး အခြားသောကလပ်အနေနဲ့ကတော့ PSG ကို ကိုင်တွယ်ဖြစ်ဖွယ်ရှိတယ်လို့လည်း သိရှိရပါတယ်။