အနော်တိုဗစ်နဲ့ မော်ရင်ဟိုတို့ လက်တွဲခဲ့ဖူးတာပါ။

ယူနိုက်တက်ဟာ ဘိုလော့ဂ်နာတိုက်စစ်မှူး မာကိုအနော်တိုဗစ်ကိုခေါ်ယူဖို့ ကြိုးစားနေတဲ့သတင်းတွေထွက်ပေါ်လာတဲ့နောက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီကစားသမားဟာ စတုတ်စီးတီး၊ ဝက်စ်ဟမ်းနဲ့အတူ ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးသား ကစားသမားတယောက်ဖြစ်ပါတယ်။



ဒါပေမယ့် ပြီးခဲ့တဲ့ ယူရို-၂၀၂၀ မှာ အနော်တိုဗစ်က သြစတြီးယားအတွက် ပါဝင်ကစားရင်း မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားနဲ့ ပြိုင်ဘက်ပရိသတ်တွေကို လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုခဲ့တာကြောင့် တပွဲပယ်ခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် အသက် (၃၃) နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့အသက်အရွယ်ကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက အသင်းရဲ့လုပ်ရပ်အပေါ်ကို စိတ်ပျက်နေပါတယ်။

ယူနိုက်တက်ဟာ အနော်တိုဗစ်အတွက် ယူရို (၈) သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘိုလော့ဂ်နာဘက်က ငြင်းဆန်ပယ်ချခဲ့ပြီး ပြောင်းရွှေ့ကြေးပိုမိုတောင်းဆိုလျက်ရှိပါတယ်။ ဒီလိုမျိုး အနော်တိုဗစ်နဲ့ပတ်သက်လို့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတပုဒ်ကလည်း ရှိနေပါတယ်။ ဒီဇာတ်လမ်းမှာ မော်ရင်ဟိုလည်းပါဝင်ခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၀၉) က ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီအချိန်မှာ အနော်တိုဗစ်က တွမ်တီးကနေ မော်ရင်ဟိုကိုင်တွယ်နေတဲ့ အင်တာမီလန်ကို အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး အဲ့ဒီတုန်းက အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ အနော်တိုဗစ်က အခုလိုပဲ ပြောပြခဲ့ဖူးပါတယ်။ အနော်တိုဗစ်က “ကျနော် (၂၀၀၉) တုန်းက အင်တာနဲ့အတူ အဘူဒါဘီမှာ ရာသီကြိုပြင်ဆင်မှုအတွက် ရောက်နေတာပါ”

“အဲ့ဒီမှာ ကျနော် မနက်စာစားဖို့အတွက် မနှိုးဘဲ အိပ်ပျော်သွားပါတယ်။ အဲ့ဒီမှာတခါ။ ပြီးတော့ အသင်းအစည်းအဝေး။ ဟိုတယ်က အကြီးကြီးဗျာ။ ကျနော့်အခန်းက (၇၅) လွှာမှာ။ ကျနော် ဓာတ်လှေကားကိုစောင့်နေရင်း ဆက်တိုက်နှိပ်နေတာ။ အဲ့ဒီအချိန်မှာ ကျနော့်အတွက် အချိန်က (၇) မိနစ်လောက်ရသေးတယ်။ အဆင်ပြေမယ်ပဲထင်ခဲ့တာပေါ့”

“ဒါပေမယ့် မရဘူးဗျာ။ အဲ့ဒီမှာ ဒုတိယအကြိမ်ဖြစ်သွားတယ်။ နောက်တော့ ခြေစမ်းပွဲတပွဲမကန်ခင်မှာ ဒါမျိုးထပ်ဖြစ်တယ်။ မော်ရင်ဟိုတော့ ကျနော့်ကို သတ်တော့မှာပဲလို့ကို တွေးမိလိုက်တယ်။ အဲ့ဒီနောက် ကျနော်တို့ နည်းနည်းစကားများပြီး အဲ့ဒီနေ့က တယောက်တည်း လေ့ကျင့်ခန်းဆင်းလိုက်ရပါတယ်”

“မီလန်မြို့ကိုရောက်တော့ ကျနော်က လေ့ကျင့်ခန်းအစီအစဥ်ကို မနက်ပိုင်းပဲ လုပ်မယ်ထင်ခဲ့တာ။ ဒါကပဲ ကျနော့်ကို တော်တော်လေး အဆင်ပြေသွားစေတယ်ဗျ။ လေ့ကျင့်ရေးကွင်းလည်းရောက်ရော၊ ကားတစီးမှမရှိဘူးဗျာ။ တကယ်တမ်းကျ နေ့လယ်မှ လေ့ကျင့်ခန်းစမှာလေ။ အဲ့ဒီမှာ မော်ရင်ဟိုက သူ့ဝန်ထမ်းတွေနဲ့ ရောက်နေပြီ”

“ကျနော့်ကိုလည်းမြင်ရော။ သူက မတ်တပ်ရပ်၊ လက်ခုပ်တီးပြီး ရယ်နေတော့တာပဲ။ ပြီးတော့ “မင်းက တကယ့်ကို ငါ့လူပဲကွ။ လေ့ကျင့်ခန်းမစခင် (၅) နာရီအလိုလောက်တည်းက မင်းရောက်နေပြီ။ ငါမင်းကို သဘောကျတယ်။ ရော့ ဒီမှာ ငါ့နာရီကိုယူလိုက်” ဆိုပြီး ကျနော့်ကို သူ့နာရီချွတ်ပေးသွားတာ။ အခုချိန်ထိ ကျနော့်အိမ်မှာ မော်ရင်ဟိုပေးထားတဲ့နာရီရှိတုန်းပဲ” လို့ ပြောကြားခဲ့ဖူးတာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း အနော်တိုဗစ်အနေနဲ့ အင်တာမီလန်အတွက် (၃) ပွဲသာ ကစားခွင့်ရရှိခဲ့ပြီး အပြီးသတ်ခေါ်ယူမယ့် အစီအစဥ်မှာလည်း မော်ရင်ဟိုက “အနော်တိုဗစ်က လူကောင်းတယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ ခံယူချက်က ကလေးတယောက်လိုဖြစ်နေတယ်” ဆိုတဲ့ မှတ်ချက်ကြောင့် အနော်တိုဗစ်တယောက် အင်တာမီလန်ကနေ ထွက်ခွာခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က