မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်ကတော့ အသင်းပွဲစဉ်တွေကို သူ မကြည့်တော့ဘူးလို့ လူသိရှင်ကြားပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်တို့ ရလဒ်တွေဆိုးရွားနေကာ ကစားပုံကလည်း စုတ်ပြတ်သတ်နေပြီး အိမ်ကွင်း၊အဝေးကွင်းမရွေး ရှုံးပွဲတွေ ခဏခဏတွေ့နေတဲ့အပေါ် နဗီးလ်တယောက် စိတ်ပျက်ကာ လက်လျှော့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ယူနိုက်တက်မှာ သူ့ရဲ့ ကစားသမားဘ၀ကို အချိန်အကြာကြီးဖြတ်သန်းခဲ့တဲ့ နဗီးလ်ဟာ အသင်းကို အမြဲတမ်းလိုလိုကာကွယ်ပေးနေခဲ့သူဖြစ်ပါတယ်။ ကစားသမားတွေဘက်ကလည်း အမြဲတမ်းလိုလို ဖေးမပြောတတ်သူဖြစ်ပေမယ့် လက်ရှိမှာတော့ သူကိုယ်တိုင် အသင်းကို စိတ်ကုန်နေပြီဖြစ်ပါတယ်။
Sky Sports က တဆင့် နဗီးလ်က "ကိုယ့်အသင်းအတွက် ကိုယ် တကယ်မောနေပါပြီ၊ ယူနိုက်တက်ပွဲတွေကို ကျနော် ဆက်ကြည့်မှာမဟုတ်တော့ပါဘူး၊ တကယ်ကို မောပန်းနေတာပါ၊ ဒါက ကိုယ်အားပေးတဲ့အသင်းဆီကနေ ပြန်ရလိုက်တဲ့ ဝမ်းနည်းစရာအကောင်းဆုံးအရာတခုပါပဲ" လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ နဗီးလ်ကိုယ်တိုင် ဒီလိုပြောခဲ့တဲ့အပေါ် အံ့အားသင့်နေကြပါတယ်။ ပရိသတ်တဦးက "နဗီးလ်လို လူတောင် ဒီလိုပြောနေပြီဆိုရင် အသင်းက ဘယ်လောက်ထိ စိတ်ပျက်စရာကောင်းနေလဲဆိုတာ သိသာနေပြီ" လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ ကာရာဘောင်းဖလားပွဲကနေ ထွက်ခဲ့ရပြီဖြစ်သလို ချန်ပီယံလိဂ်မှာလည်း နောက်တဆင့်တက်ဖို့အတွက် မျှော်လင့်ချက်က နည်းနည်းလေးသာ ရှိတော့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၇ နေရာရောက်နေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ၉ မှတ်အထိ ကွာဟနေပါတယ်။