ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွေကို ဒီနေ့ကစားရတော့မှာဖြစ်ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးလ်တို့ အပြိုင်ဖြစ်နေပြီး မန်စီးတီးအနိုင်ရတာနဲ့ ဆုဖလားဆွတ်ခူးနိုင်တော့မှာပါ။ ဒီအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေဟာ ဆုဖလားကို လီဗာပူးလ်ရသွားဖို့ထက် မန်စီးတီးသာ ရရှိသွားစေဖို့အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြဂွာဒီယိုလာကို မေးမြန်းခဲ့ရမှာတော့ စပိန်သားနည်းပြတယောက် တော်တော်လေးအံ့အားသင့်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးလ်နဲ့ ခါးသီးပြိုင်ဘက်တွေဖြစ်ပြီး မန်စီးတီးကလည်း မြို့ခံပြိုင်ဘက်ဖြစ်နေလို့ ဘယ်အသင်းဆုဖလားရရ သူတို့အတွက် နာကျင်စရာပါ။ ဒါပေမယ့် အစဉ်အလာပြိုင်ဘက်ကြီး လီဗာပူးလ်ထက်စာရင် မန်စီးတီးကို ရရှိသွားစေချင်ပုံရပါတယ်။
ဒီအကြောင်းကို ဂွာဒီယိုလာက "ဒီတော့ ယူနိုက်တက်က လီဗာပူးလ်ထက် ကျနော်တို့ကို ပိုရစေချင်နေတာပေါ့? တကယ်ကြီးလား၊ ဒါဆိုရင် ဒီနိုင်ငံမှာ လူတိုင်းက လီဗာပူးလ်ကိုပဲ ဖလားရစေချင်တယ်လို့ ကျနော်ကြားထားတာတွေ မှားတာပေါ့၊ ယူနိုက်တက်ပရိသတ်တွေ ဒီလိုဆန္ဒရှိတာကို ကျနော်ကြိုဆိုပါတယ်၊ တကယ်လို့ သူတို့ဆန္ဒရှိရင် လမ်းမပေါ်မှာ ကျနော်တို့နဲ့အတူတူအောင်ပွဲခံလို့ရပါတယ်"
"ဒါပေမယ့် သူတို့တွေ ဂျာစီအပြာတော့ဝတ်ဖို့လိုလိမ့်မယ်၊ အဲဒါကို ဝတ်ဆင်ဖို့တော့ လိုပါလိမ့်မယ်" လို့ ပြောဆိုခဲ့ကြောင်း Guardian က ဖော်ပြသွားခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်လို့နာမည်ပြောင်းပြီးနောက် အမှတ်ပေးဖလားကို ၁ ကြိမ်တည်းသာ ရရှိထားခဲ့တာပါ။ မန်စီးတီးကတော့ ဒီရာသီမှာ ဗိုလ်စွဲခဲ့ရင် နောက်ဆုံး ၅ နှစ်အတွင်းမှာ ၄ ကြိမ်မြောက် ဗိုလ်စွဲမှုဖြစ်လာတော့မှာပါ။