စနေနေ့ရဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပွဲတပွဲဖြစ်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်ပွဲစဉ်ကတော့ ၁-၁ စီနဲ့ သရေပွဲအဖြစ်ပြီးဆုံးခဲ့ပါတယ်။ ပွဲပြီးခါနီး သွင်းယူခဲ့ကြတဲ့ ဂိုးတွေကြောင့် စတန်းဖို့ဒ်ဘရစ်ချ်မှာ တမှတ်စီခွဲယူခဲ့ကြရပြီး ပွဲချိန်နောက်ဆုံးမိနစ်အပိုင်းအခြားတွေက ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့ပြီး နှစ်သင်းစလုံးအတွက် မျှတတဲ့ရလဒ်တခုတော့ ဖြစ်ခဲ့ပါတယ်။
ချယ်လ်ဆီးအတွက် ဂျော်ဂျင်ဟိုက ၈၄ မိနစ်မှာ ပင်နယ်တီကတဆင့် ဦးဆောင်ဂိုးသွင်းခဲ့ပြီး နာကျင်အချိန်ပိုအရောက်မှာ ကက်စ်မဲရိုးက လုခ်ရှောရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ဂိုးသွင်းကာ အဖိုးတန်ချေပဂိုးကို ယူနိုက်တက်အတွက် ရယူပေးခဲ့တာပါ။ ချယ်လ်ဆီးအတွက်တော့ ၃ မှတ်ရခါနီးမှ ၁ မှတ်သာရရှိခဲ့တာဖြစ်သလို ယူနိုက်တက်ကလည်း ခြေစွမ်းသာခဲ့ပေမယ့် အနိုင်ရအောင်မကန်နိုင်ခဲ့လို့ ၁ မှတ်နဲ့သာကျေနပ်ခဲ့ရပါတယ်။
ယူနိုက်တက်အတွက် ချေပဂိုးသွင်းပေးခဲ့တဲ့ ကက်စ်မဲရိုးကတော့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာကတည်းက အသင်းအတွက် ဂိုးတွေတက်တက်သွင်းပေးလေ့ရှိတဲ့ ကက်စ်မဲရိုးက သူ့အတွက် ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို အသင်းကြီးတသင်းနဲ့ပွဲမှာ သွင်းနိုင်ခဲ့တာပါ။ ဒီဂိုးသွင်းယူအပြီးမှာတော့ ကက်စ်မဲရိုးက စိတ်အားထက်သန်မှုအပြည့်နဲ့ အောင်ပွဲခံသွားခဲ့ပြီး သူ့ရဲ့အောင်ပွဲခံဟန်က ယူနိက်တက်ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။
ဘရာဇီးလ်သားက passion အပြည့်နဲ့ အောင်ပွဲခံခဲ့တာဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေကတော့ အသင်းမှာ လိုအပ်နေတဲ့ ကစားသမားမျိုးက ကက်စ်မဲရိုးလိုကစားသမားတွေဖြစ်တယ်လို့ ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် ကက်စ်မဲရိုးအောင်ပွဲခံပုံကို ကြည့်ရတာ စိတ်အားတက်ကြွဖို့ကောင်းတယ်၊ ဘရာဇီးလ်သားက ယူနိုက်တက်အသင်းသားပီသသွားပြီ၊ ယူနိုက်တက်မှာ မမြင်ရတာကြာတဲ့ စိတ်ဓာတ်အပြည့်နဲ့ကစားသမားမျိုးကို ပြန်မြင်နေရပြီလို့ ချီးကျူးမှုတွေလုပ်ခဲ့ကြပါတယ်။
ကက်စ်မဲရိုးကတော့ ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ရရှိနေပြီဖြစ်ပြီး ဆက်တိုက်ခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်ပိုင်းမှာ သူ့ရဲ့စွမ်းဆောင်ရည်က အသင်းအတွက် တော်တော်လေးအကျိုးပြုနိုင်ခဲ့ပြီး တန်ဟက်ဂျ်တယောက် အရန်ခုံမှာ ထားလို့မရတော့အောင်ကို ခြေစွမ်းပြနေတာဖြစ်ပါတယ်။