ယူနိုက်တက် တိုက်စစ်မှူးကြီး ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းခံလိုက်ပြီလို့ စိတ်ချယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြနေပါတယ်။ အသက် (၃၇) နှစ်အရွယ် အဆိုပါ ပေါ်တူဂီလက်ရွေးစင် ကစားသမားကြီးဟာ လာမယ့် ဇူလိုင်လ (၄) တနင်္လာမှာ ယူနိုက်တက်နဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်အဖြစ် ပူးပေါင်းရတော့မှာပါ။
ဒါပေမယ့် ဒီကနေ့ညမှာပဲ ရော်နယ်ဒိုတယောက် ထွက်ခွာခွင့်တောင်းခံလိုက်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီး ဒီကစားသမားကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီးတို့က စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ (၂၀၀၃) နွေရာသီကစလို့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၉) နှစ်ဆက် ယှဥ်ပြိုင်ကစားခွင့်ရခဲ့သူပါ။
ချန်ပီယံလိဂ်မင်းသားကြီးတယောက်အဖြစ်လည်း တင်စားခံရတဲ့ ဒီကစားသမားဟာ လာမယ့်ရာသီ ယူနိုက်တက်မှာ ဆက်နေမယ်ဆိုရင် ယူရိုပါလိဂ်ပြိုင်ပွဲသာ ကစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ ကနဦးသတင်းတွေအရတော့ ရော်နယ်ဒိုက ယူနိုက်တက်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်ရာသီကုန်အထိ ဆက်နေမယ်လို့ ယူဆခဲ့ရပါတယ်။
ဒါပေမယ့် ချန်ပီယံလိဂ်မှာ ပွဲပေါင်း (၁၈၃) ပွဲကစား၊ သွင်းဂိုး (၁၄၀) နဲ့ ဂိုးဖန်တီးမှု (၄၂) ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုတယောက် ချန်ပီယံလိဂ်မှာ ကစားချင်တာကြောင့် ယူနိုက်တက်ကနေ ထွက်ခွာဖို့ တောင်းဆိုလာတယ်လို့ ယုံကြည်ရပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝတလျှောက် ယူရိုပါလိဂ်မှာ တခါမှမကစားခဲ့ဖူးဘဲ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်က အဆင့် (၆) နဲ့ ပရီးမီးယားလိဂ်ရာသီ သိမ်းခဲ့ရတာကြောင့် အခုလိုမျိုးပဲ ပြင်ဆင်လာဖွယ်ရှိပါတယ်။
ရော်နယ်ဒိုအနေနဲ့ ထိပ်တန်းအဆင့် ချန်ပီယံလိဂ်လိုပြိုင်ပွဲမျိုးမှာ နောက်ထပ် သုံးနှစ် ဒါမှမဟုတ် လေးနှစ်ခန့် ကစားဖို့ ယုံကြည်ချက်ရှိနေသေးတယ်လို့လည်း The Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကြောင့် ရော်နယ်ဒိုရဲ့ အနာဂတ် ဘယ်လိုဆက်ဖြစ်မယ်ဆိုတာက လက်ရှိနွေရာသီစျေးကွက်မှာ ပရိသတ်တွေအတွက် စောင့်ကြည့်ချင်စရာကောင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။