သူ့ဒဏ်ရာရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့တာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းရားက သူ့ရဲ့ဒဏ်ရာ အခြေအနေက တိုးတက်ကောင်းမွန်နေပေမယ့် လက်ရှိအချိန်အထိ လေ့ကျင့်ခန်းမဆင်းနိုင်သေးဘူးလို့ ဆိုလာပါတယ်။



မက်ဂွိုင်းရားဟာ အက်စတွန်ဗီလာကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့် ဒီတစ်ပတ်မှာ ကစားသွားတဲ့ အင်္ဂလန်ရဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း လွဲချော်ခဲ့ရပါတယ်။

ဒါ့အပြင် စပိန်နဲ့ပြင်သစ်တို့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ယူနိုက်တက်အတွက် နောက်ထပ် အဓိကနောက်ခံလူ ဗာရန်းပါ ဒဏ်ရာထပ်ရလာတာကြောင့် ယူနိုက်တက်နောက်တန်းအတွက် လက်စတာနဲ့အဝေးကွင်းပွဲက စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေမှာပါ။ မက်ဂွိုင်းရား ပြန်ကစားနိုင်မလားဆိုတဲ့ ယူနိုက်တက်ပရိသတ်တွေရဲ့ မျှော်လင့်ချက်အတွက်တော့ မက်ဂွိုင်းရားက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခန်းမှာ မက်ဂွိုင်းရားက “ဒဏ်ရာအခြေအနေက တိုးတက်မှုရှိပါတယ်။ ဒါပေမယ့် အသင်းနဲ့အတူ ကျွန်တော် အခုချိန်ထိ လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး။ တစ်ဖက်မှာလည်း ဒဏ်ရာက အရင်ထက် ပိုသက်သာလာပါတယ်”

“ကျွန်တော့်အတွက်တော့ စိတ်ပျက်စရာဒဏ်ရာပါပဲ။ ဒါပေမယ့် ကျွန်တော် အခု ဒဏ်ရာပိုသက်သာလာအောင် ကြိုးစားနေပြီး မကြာခင် မြက်ခင်းစိမ်းတွေပေါ် ပြန်လာခဲ့ပါ့မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်နောက်တန်းမှာ လက်စတာနဲ့ပွဲအတွက် ဘယ်သူတွေ ပွဲထွက်လာမလဲ ပရိသတ်တွေက စိတ်ဝင်စားနေပါပြီ။

လင်ဒီလော့ဖ်နဲ့အတူ အဲရစ်ဘာယီ ဒါမှမဟုတ် ဖီးလ်ဂျုံးစ် အံ့အားသင့်ဖွယ် ပွဲထွက်လာနိုင်မလား ယူနိုက်တက်ပရိသတ်တွေက ခန့်မှန်းနေကြပြီး ကွင်းလယ်လူ တွမ်မီနေးကလည်း ဗဟိုခံစစ်နေရာမှာ ကစားနိုင်တာကြောင့် ဆိုးလ်ရှားအနေနဲ့ ဗဟိုခံစစ်အတွက် ဘယ်လိုပြင်ဆင်လာမလဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ 

Share

က္က