ပတ်ဂျီဆန်ကလည်း ဆိုးလ်ရှားကို ရာသီကုန်အထိ အခွင့်အရေးပေးသင့်တယ်လို့ဆိုလာတာပါ။

ယူနိုက်တက်ပရိသတ်တွေရဲ့ တစ်ချိန်က အချစ်တော်ကစားသမား ပတ်ဂျီဆန်ကတော့ လက်ရှိအချိန်မှာ ဖိအားတွေနဲ့ဝေဖန်မှုတွေရဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ နည်းပြဆိုးလ်ရှားဘက်ကနေ ကာကွယ်ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ တော်တော်လေး ရလဒ်ဆိုးနေပြီး အိမ်ကွင်း နောက်ဆုံးနှစ်ပွဲဆက်တိုက်မှာလည်း လီဗာပူး၊ မန်စီးတီးကို ဂိုးပြတ်တွေနဲ့ ရှုံးနိမ့်ခဲ့တာပါ။



အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့ တောင်းဆိုနေကြပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့၊ ဖာဂူဆန်အပါအဝင် အသင်းရဲ့ ကစားသမားဟောင်းတွေကတော့ ဆိုးလ်ရှားဘက်က ရပ်တည်နေကြဆဲဖြစ်ပါတယ်။ ရောက်လာသမျှ နည်းပြတိုင်းကို ပျစ်ပျစ်နှစ်နှစ်ပြောဆိုနေကျ ဂယ်ရီနဗီးလ်၊ ရွိုင်ကိန်း၊ ပေါလ်စခိုးလ်၊ ဖာဒီနန်တို့ကအစ သူတို့ရဲ့အသင်းဖော်ဟောင်း ဆိုးလ်ရှားကို ဆိုးဆိုးရွားရွား ဝေဖန်တာမျိုးမရှိဘဲ သံတမန်ရေးရာစကားတွေနဲ့သာ အပြုသဘောဝေဖန်နေကြတာပါ။

လက်ရှိအချိန်မှာလည်း ပတ်ဂျီဆန်က “ဆိုးလ်ရှား ယူနိုက်တက်မှာ နည်းပြဖြစ်တာ (၃) နှစ်ရှိပါပြီ။ အခုဒီရာသီက သူ့အတွက် အဆုံးအဖြတ်ပေးမယ့်ရာသီဆိုတာ ကျနော် ယုံကြည်ပါတယ်။ အဲ့ဒီတော့ သူ ရာသီကုန်အထိ အသင်းမှာဆက်ရှိသင့်ပါတယ်”

“သူ ယူနိုက်တက်မှာ စွမ်းဆောင်ပေးခဲ့တာတွေနဲ့ ပတ်သက်လို့ အသိအမှတ်ပြုသင့်တယ်လို့ ထင်ပြီး ရာသီကုန်အထိ သူ့ရဲ့နည်းပြနေရာအတွက် တိုက်ပွဲဝင်ဖို့ ထိုက်တန်တယ်လို့လည်း ကျနော်ထင်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒီရာသီအပြီးမှာလည်း ယူနိုက်တက်မှာ ဆက်ရှိသင့်တယ်ဆိုတာကို သက်သေပြသင့်ပါတယ်”

“ယူနိုက်တက်ရဲ့ တစ်ချိန်ကစိတ်ဓာတ်နဲ့ ယဥ်ကျေးမှုတွေကို သူက လက်ရှိအသင်းအတွက် ပြန်လည်ယူဆောင်ပေးနိုင်ခဲ့သူတစ်ယောက်ပါ။ သူ့မတိုင်ခင်က ဗန်ဟားလ်၊ မော်ရင်ဟိုတို့လို ကမ္ဘာ့အဆင့်နည်းပြတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အလုပ်မှမမဖြစ်ခဲ့တာ။ အသင်းက အဲ့ဒီအတွေ့အကြုံတွေကနေ သင်ယူနိုင်ခဲ့ပြီး အခု လီဗာပူး၊ မန်စီးတီးတို့နဲ့ပွဲ အရှုံးတွေကတစ်ဆင့် ဆိုးလ်ရှားလည်း ပြန်ရုန်းထွက်နိုင်ဖို့ လိုအပ်ပါတယ်”

“အရေးကြီးဆုံးတစ်ချက်က ဆိုးလ်ရှားအနေနဲ့ ဂွါဒီယိုလာ၊ ကလော့ပ်၊ တူချယ်လ်တို့လို ကမ္ဘာ့အကောင်းဆုံးနည်းပြတွေနဲ့ ယှဥ်ပြိုင်နိုင်စွမ်းရှိမလားဆိုတာပါ။ အဲ့ဒါကြောင့်လည်း ကျနော်တို့ ရာသီကုန်အထိ စောင့်ကြည့်သင့်တယ်လို့ ယုံကြည်ပြီး တကယ်လို့ သူသက်သေမပြနိုင်ခဲ့ဘူးဆိုရင် ယူနိုက်တက်နည်းပြအဖြစ် ရှေ့ဆက်ဖို့ ခက်သွားပါလိမ့်မယ်” လို့ သုံးသပ်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က