လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ အတ္တလန်တာကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဟို့ဂျ်လန်းဟာ ယူနိုက်တက်ပရိသတ်တွေကို ဆိုရှယ်မီဒီယာကတစ်ဆင့် စိတ်လှုပ်ရှားအောင် ဖန်တီးပေးခဲ့ပါတယ်။ ဒီကစားသမားအတွက် ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) အထိ ပေးချေခဲ့ရတာပါ။
ဒါပေမယ့်လည်း အဆိုပါဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူးဟာ ဒဏ်ရာပြဿနာရှိနေပြီး အသင်းအတွက် ပွဲထွက်နိုင်ဦးမှာမဟုတ်ကြောင်း ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အတည်ပြုထားပါတယ်။ ဟို့ဂျ်လန်းဟာ ဝုလ်ဗ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာလည်း ပါဝင်နိုင်ခြင်း မရှိပါဘူး။
အခုချိန်မှာတော့ ဟို့ဂျ်လန်းက သူ့ရဲ့ အင်စတာဂရမ်ကတစ်ဆင့် ယူနိုက်တက် လေ့ကျင့်ရေးကွင်း ဝတ်စုံနဲ့အတူ ကွင်းအတွင်း လေ့ကျင့်ခန်းဆင်းနေပုံကို တင်ထားခဲ့ပါတယ်။ ဒီလိုအနေအထားမျိုးကြောင့် ဟို့ဂျ်လန်းတစ်ယောက် မကြာခင်မှာပဲ အသင်းအတွက် ကစားပေးနိုင်တော့မယ်လို့ ပရိသတ်တွေက မျှော်လင့်နေပါတယ်။
ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာ စပါးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်် (၂) အဖြစ် ကစားရတော့မှာပါ။ ဟို့ဂျ်လန်းက အခုချိန်မှာ လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြန်လည်စတင်နေပြီဖြစ်ပေမယ့် စပါးနဲ့ ကစားမယ့်ပွဲမှာတော့ ပါဝင်ခွင့်ရဖွယ်မရှိဘဲ တန်ဟက်ခ်ကလည်း သူ့ကို အရဲစွန့် အသုံးပြုသွားမှာ မဟုတ်ပါဘူး။
ယူနိုက်တက်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဗဟိုတိုက်စစ်မှူးနေရာအတွက် မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက်ခ်က သူ့စိတ်ကြိုက်ဖြစ်တဲ့ ဟို့ဂျ်လန်းကို အရခေါ်ယူခဲ့တာဖြစ်ပြီး ယူနိုက်တက်တို့လည်း ဒီကစားသမားအတွက် ဈေးကြီးပေးချေခဲ့ရတာဖြစ်ပါတယ်။