မန်ချက်စတာာယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားလေး ဇီဒန်းအစ်ဘယ်ကတော့ ရာသီကြိုခြေစမ်းပွဲကာလအတွင်းမှာ ပရိသတ်တွေ အကြိုက်တွေ့နေတဲ့သူဖြစ်နေပါတယ်။ ယူနိုက်တက်အသင်းကြီးမှာ ပါဝင်ခွင့်ရဖို့အတွက် ကြိုးစားနေတဲ့ ဒီလူငယ်လေးက လီဗာပူးလ်၊ မဲလ်ဘုန်းဗစ်ထရီတို့နဲ့ပွဲတွေမှာ တော်တော်လေးကို ခြေစွမ်းပြကစားနေတာလည်းဖြစ်ပါတယ်။
လူငယ်ကစားသမားဖြစ်လို့ ဆုံးဖြတ်ချက်မြန်ပြီး လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ကာ ပြိုင်ဘက်တွေကို ကောင်းကောင်းကြီးကျော်ဖြတ်ပြနေတဲ့ ဇီဒန်းအစ်ဘယ်က အသင်းကြီးမှာ နေရာရဖို့ပါ အခွင့်အရေးတွေရှိနေပြီလို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။ သူ့ရဲ့ တဦးချင်းကစားဟန်တွေကို ထုတ်နုတ်ဖော်ပြထားတဲ့ ဗီဒီယို clip တွေကလည်း လူမှုကွန်ယက်တွေပေါ်မှာ ရေပန်းစားနေပါတယ်။
အသက် ၁၉ နှစ်သာရှိသေးတဲ့ ဇီဒန်းအစ်ဘယ်က လီဗာပူးလ်နဲ့ပွဲမှာကတည်းက ပရိသတ်တွေ သတိထားမိလောက်အောင် ခြေစွမ်းပြနေခဲ့ပြီး မနေ့က မဲလ်ဘုန်းဗစ်ထရီနဲ့ပွဲမှာလည်း နောက်ထပ်ခြေစွမ်းပြနေခဲ့လို့ ယူနိုက်တက်ရဲ့ ရာသီကြိုခရီးစဉ်မှာ အထင်ပေါ်ဆုံးကစားသမားဖြစ်နေတယ်လို့တောင်မှ ဆိုရပါလိမ့်မယ်။ မက်တော်မီနေးရဲ့ နေရာကိုပါ ခြိမ်းခြောက်နေပြီလို့လည်း တချို့က ယူဆနေပါတယ်။
လူငယ်ကစားသမားတွေကို မွေးထုတ်ပေးနိုင်သလို အခွင့်အရေးပေးဖို့လည်း ဝန်မလေးနဲ့ တန်ဟက်ဂျ်ရဲ့ စရိုက်ကြောင့်လည်း ဇီဒန်းအစ်ဘယ်အတွက် မျှော်လင့်ချက်တွေက ပိုပြီးရှိနေတာပါ။ လက်ရှိခြေစွမ်းကိုသာ သူ ထိန်းသိမ်းထားနိုင်မယ်ဆိုရင် လာမယ့်ရာသီသစ်မှာ အသင်းကြီးဆီ သေချာပေါက်ခေါ်ယူခံရဖို့ရှိနေပြီး ကစားခွင့်လည်း အထိုက်အလျောက်ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။