မက်ဂွိုင်းရားကို အင်္ဂလန်အသင်းဖော်အချင်းချင်းတောင် နားမလည်နိုင်ဖြစ်ခဲ့ရတာပါ။

အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းရားတယောက် ယူနိုက်တက်မှာ ဒုက္ခပေးပြီးလို့ အခု ဒီတပတ် အင်္ဂလန်မှာ ဒုက္ခသွားပေးဖို့ အလှည့်ကျလာပြီလို့ ပရိသတ်တွေက နောက်ပြောင်နေကြပါတယ်။ အကြောင်းကတော့ ဒီကစားသမားက လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေ နားလည်ရခက်တဲ့ အပြုအမူကို ပြုလုပ်ခဲ့လို့ဖြစ်ပါတယ်။



အင်္ဂလန်ဟာ လက်ရှိနိုင်ငံတကာရက်သတ္တပတ်မှာ ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားဖို့ ပြင်ဆင်ထားပါတယ်။ မနေ့ညက ဆွစ်ဇာလန်နဲ့ပွဲမှာတော့ အင်္ဂလန်တို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲတွေအတွက် ကစားသမားရွေးချယ်မှုမှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က မက်ဂွိုင်းရားကို ရွေးချယ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဆောက်ဂိတ်က သူ့ရဲ့ ရွေးချယ်မှုကို ကာကွယ်ပြောကြားခဲ့ပေမယ့် မက်ဂွိုင်းရားကတော့ အင်္ဂလန်လေ့ကျင့်ရေးကွင်းမှာ ဒုက္ခပေးနေတာကို ဗီဒီယိုမှတ်တမ်းတွေက ဖော်ပြနေပါတယ်။ အင်္ဂလန်လက်ရွေးစင်ရဲ့ တရားဝင်ရုပ်သံက တင်ထားတဲ့ လေ့ကျင့်ရေးကွင်း ဗီဒီယိုမှတ်တမ်းမှာ မက်ဂွိုင်းရားတယောက် မထော်မနန်းလုပ်ခဲ့တာပါ။

Rondo Drill လို့ခေါ်တဲ့ ဒီလေ့ကျင့်ခန်းမှာ မက်ဂွိုင်းရား၊ ဟန်ဒါဆန်၊ ဟာရီကိန်း၊ ဘယ်လင်ဂမ်၊ တိုင်ရွန်မင့်စ်၊ ဝေါ်လ်ကာပီတာစ်တို့က ဘောလုံးကို မောင်းကစားခဲ့ပြီး ဂရီလစ်ရှ်နဲ့ နစ်ခ်ပုပ်တို့က လိုက်လုကစားခဲ့ရပါတယ်။ သတ်မှတ်ထားတဲ့ နေရာကျဥ်းကျဥ်းလေးအတွင်းမှာပဲ မောင်းကစားရတဲ့ မက်ဂွိုင်းရားတို့အဖွဲ့ဟာ ဘောလုံးရောက်လာရင် ထိချက်တချက်သာ ထိခွင့်ရှိပါတယ်။

ဒါပေမယ့် (၄၃) ကြိမ်မြောက် ဘောလုံးပေးပို့မှုရောက်ချိန်မှာတော့ မက်ဂွိုင်းရားက နစ်ခ်ပုပ် သူ့ကိုလိုက်လံဖိအားပေးနေချိန်မှာ ဘောလုံးကို ရပ်လိုက်ပြီး ဘောလုံးကို နှစ်ချက်ထိလိုက်ပါတယ်။ ဒါက တနည်းအားဖြင့် ကစားနည်းကို သတ်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ မက်ဂွိုင်းရားကို အံ့အားသင့်စွာနဲ့ ကြည့်ရင်း “မင်းဘာလုပ်တာလဲ” လို့ စိတ်ပျက်လက်ပျက်မေးနေဟန်ရှိတာကိုလည်း ရုပ်သံထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ မက်ဂွိုင်းရားကတော့ မနေ့ညက ဆွစ်ဇာလန်နဲ့ပွဲမှာ ပါဝင်ကစားခွင့်မရရှိခဲ့ဘဲ အိုင်ဗရီကို့စ်နဲ့ပွဲမှာတော့ ပါဝင်လာဖွယ်ရှိပါတယ်။  

Share

က္က