ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူဟယ်လ်က ယူနိုက်တက်နဲ့ ပတ်သက်လာပြီဆိုရင် အားလုံးနဲ့ပတ်သက်တဲ့ ဆူညံသံတွေကို အမြဲတမ်း ကြားနေရတယ်လို့ ခံစားမိကြောင်း ပြောကြားလိုက်ပါတယ်။ တူဟယ်လ်ရဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒီနေ့ညမှာ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲကို ကစားရမှာပါ။
အဆိုပါပွဲမတိုင်ခင်မှာ ယူနိုက်တက်တို့ ခြေစွမ်းပိုင်းက ဆိုးရွားနေပြီး ရလဒ်ပိုင်းကလည်း ကျဆင်းမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အဲ့ဒါကြောင့်လည်း ဒီညပွဲမှာတော့ ဘိုင်ယန်မြူးနစ်ကသာ အလွယ်တကူ အနိုင်ရသွားမယ်လို့လည်း ပရိသတ်တွေက ယူဆထားပါတယ်။
ဒီလိုမျိုး ယူနိုက်တက်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ တူဟယ်လ်က “ယူနိုက်တက်နဲ့ပတ်သက်လာရင် အမြဲတမ်း ဆူညံသံတွေကြားနေရပါတယ်။ ဘောလုံးဝေဖန်သုံးသပ်သူ အများအပြားက ယူနိုက်တက်က ကစားသမားဟောင်းတွေဖြစ်နေပါတယ်။ ဖာဂူဆန် ဖန်တီးခဲ့တဲ့ အမွေအနှစ်အရ ဒီအသင်းမှာ ဖိအားတွေ၊ မျှော်လင့်ချက်တွေ အများကြီးရှိနေပါတယ်”
“ဒါကပဲ ခင်ဗျားအနေနဲ့ အသင်းကြီးတစ်သင်းအတွက်၊ ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ အောင်မြင်မှုတွေအတွက် အလုပ်လုပ်နေရတယ်ဆိုတာကို သက်သေပြနေပါတယ်။ ကျွန်တော်တို့ ဘိုင်ယန်မြူးနစ်က လုပ်ဖော်ကိုင်ဖက်တွေဆိုရင်လည်း တူညီတဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးချင်ကြပါတယ်။ အခု ယူနိုက်တက်ရဲ့ အနေအထားက အားသာချက်လို့ မထင်ပါဘူး”
“အသင်းကြီးတစ်သင်းက ဒါမျိုးတွေကြုံတွေ့ရတာက သေးငယ်တဲ့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ရလဒ်တွေက အခြေအနေအားလုံးကို ပြောပြနိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် သူတို့အသင်းမှာ အရည်အသွေးပြည့်ဝပြီး နိုင်လိုစိတ်ရှိပါတယ်။ ကျွန်တော်တို့ ဒါကို ဘယ်တော့မှ အထင်သေးနေမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။