လက်ရှိအေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ မုန်းတီးတဲ့ ကစားသမား သုံးလေးယောက်လောက်သာရှိပေမယ့် ဒီအထဲမှာ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီ ပါဝင်နေတယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကိုတော့ မေဂျာလိဂ်ကလပ် LA ဂလက်ဆီမှာ အီဘရာဟီမိုဗစ်နဲ့ အသင်းဖော်ဖြစ်ဖူးတဲ့ နောက်ခံလူဟောင်း ရှာနီက ဖွင့်ဟခဲ့တာပါ။
အီဘရာဟီမိုဗစ်နဲ့ကာဗာနီတို့ဟာ ပီအက်စ်ဂျီမှာ ထိပ်တန်းတိုက်စစ်မှူးတွေအဖြစ် ခြေစွမ်းပြခဲ့ဖူးပေမယ့် နှစ်ယောက်သားအကြား ဆက်ဆံရေးပြေလည်ခဲ့ဟန်မရှိပါဘူး။ ပီအက်စ်ဂျီမှာ အသင်းဖော်တွေအဖြစ် (၃) ရာသီအကြာ ဖြတ်သန်းခဲ့ကြတာဖြစ်ပြီး ဂိုးတွေအပြိုင်သွင်းကာ ရာသီတိုင်းမှာလည်း ပြင်သစ်လီဂူး ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဒီလိုမျိုး နှစ်ယောက်အကြား ဆက်ဆံရေးအဆင်မပြေခဲ့တာကို အီဘရာဟီမိုဗစ်ကိုယ်တိုင်က ထုတ်ဖော်ပြောကြားဖူးတယ်လို့ ရှာနီက အခုလိုပဲ ပြောပါတယ်။ ရှာနီက “တကယ်လို့ ခင်ဗျားက ကာဗာနီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုရင် အီဘရာဟီမိုဗစ်က ဒါကို သဘောကျမှာ မဟုတ်ပါဘူး။ ခင်ဗျားအနေနဲ့ အီဘရာဟီမိုဗစ်နဲ့ ဆက်ဆံရေးကောင်းသည့်တိုင် ကာဗာနီနဲ့ပေါင်းရင်တော့ ခင်ဗျားက အီဘရာဟီမိုဗစ်ကို ဆန့်ကျင်တာပဲ”
“အီဘရာဟီမိုဗစ်က သူ့ရဲ့ ကစားသမားဘဝမှာ မုန်းတီးတာဆိုလို့ သုံးလေးယောက်လောက်ပဲရှိတယ်လို့ ပြောဖူးပါတယ်။ အဲ့ဒီလူတွေထဲက တယောက်ကတော့ ကာဗာနီပါပဲ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ (၂၀၁၆) မှာ ပီအက်စ်ဂျီက ထွက်ခွာပြီးနောက် ယူနိုက်တက်မှာ နှစ်ရာသီနီးပါး ကစားသမားဘဝ ဖြတ်သန်းခဲ့ပါတယ်။
အဲ့ဒီနောက် ကာဗာနီက (၂၀၂၀) မှာ ပီအက်စ်ဂျီက ထွက်ခွာလာတဲ့နောက် ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ ယူနိုက်တက် ကစားသမားဖြစ်နေဆဲပါ။ ဒါပေမယ့် လာမယ့်နွေရာသီမှာတော့ ကာဗာနီက ယူနိုက်တက်ကို သေချာပေါက် စွန့်ခွာသွားမှာဖြစ်ပါတယ်။