ယူနိုက်တက်ကွင်းလယ်လူ ကက်စ်မဲရိုးက သူ့ကို ယူနိုက်တက်တို့ ပြီးခဲ့တဲ့နွေရာသီကထက် ပိုမိုစောလျင်ပြီး ကမ်းလှမ်းခဲ့မယ်ဆိုရင် ငြင်းဆန်ခဲ့မှာဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ အဆိုပါ ဘရာဇီးကွင်းလယ်လူဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၇၀) နဲ့ ရောက်ရှိလာခဲ့တာပါ။
ဒါက ပြီးခဲ့တဲ့နွေရာသီအတွက် ရှော့ခ်ဖြစ်စရာ အပြောင်းအရွှေ့တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကလည်း သူတို့ရဲ့ အဓိကကွင်းလယ်လူကို ယူနိုက်တက်ထံ လက်လွှတ်ခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ ယူနိုက်တက်ကို ရောက်ပြီး မကြာခင်မှာပဲ အသင်းရဲ့ မရှိမဖြစ် ကစားသမားဖြစ်လာခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်လာခဲ့ပါတယ်။
ဒီလိုမျိုး ယူနိုက်တက်ကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့အပေါ်မှာလည်း ကက်စ်မဲရိုးက ပြီးခဲ့တဲ့နွေမတိုင်ခင်မှာသာ ယူနိုက်တက်တို့ ကမ်းလှမ်းခဲ့မယ်ဆိုရင် ငြင်းဆန်ခဲ့မှာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ်။ ကက်စ်မဲရိုးက “ဒါက အကြောင်းပြချက်အမျိုးမျိုးရှိပါတယ်။ ကျွန်တော့်အတွက်က မိသားစုနဲ့ စကားပြောဖို့ အရေးကြီးပါတယ်။ သူတို့ကလည်း အရာအားလုံး အဆင်ပြေမှာဆိုပြီး လက်ခံခဲ့ကြပါတယ်”
“ကျွန်တော့်ဇနီး၊ မိသားစု၊ ကလေးတွေရဲ့ ပျော်ရွှင်မှုကလည်း အရေးကြီးပါတယ်။ ထိပ်တန်းအသင်းကို စွန့်ခွာဖို့ အချိန်အခါတစ်ခုဖြစ်ခဲ့ပြီး ဒီလိုမျိုး ပြောင်းရွှေ့နိုင်ဖို့ ခွန်အားလည်းရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်သာဆိုရင်တော့ ကျွန်တော် ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်ကဆိုရင် ဥရောပရဲ့ နောက်ထပ်အသင်းကြီးတစ်သင်းကို ပြောင်းဖို့ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာဖို့ဆိုတာ မရှိပါဘူး”
“အခုတော့ အခြားလိဂ်တစ်ခုမှာ ကစားဖို့ ရည်မှန်းချက်ရှိခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ကက်စ်မဲရိုးဟာ ပြီးခဲ့တဲ့ရာသီအစပိုင်း ယူနိုက်တက်တို့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲကို ကြည့်ရှုခဲ့ပြီး အဆိုပါပွဲကို ကြည့်ရှုနေရင်းမှာပဲ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် အေးဂျင့်ဖြစ်သူထံ အသိပေးခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။