လက်ရှိအခြေအနေဆိုးတွေကိုသာ မဖြေရှင်းနိုင်ရင် ရော်နယ်ဒိုကတော့ ယူနိုက်တက်က ပြန်ထွက်သွားဖို့ရှိပါတယ်။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းအနေနဲ့သာ လက်ရှိအခြေအနေဆိုးတွေက မရုန်းထွက်နိုင်ခဲ့ရင် အသင်းက ပြန်လည်ထွက်ခွာဖို့အထိ စဥ်းစားထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ (၂၀၀၃) ကနေ (၂၀၀၉) အထိ ယူနိုက်တက်အတွက် ကစားပေးခဲ့ပြီး အဲ့ဒီနောက် ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့ကို ပြောင်းရွှေ့ခဲ့တာပါ။



ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာတော့ ရော်နယ်ဒိုက ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းနဲ့ အံ့အားသင့်ဖွယ်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ကို ပြန်ရောက်ရောက်ချင်း ဂိုးတွေသွင်းပြီး အသင်းကို အစွမ်းကုန်ဆွဲတင်နေပေမယ့် အသင်းကတော့ ပရီးမီးယားလိဂ်နောက်ဆုံး (၆) ပွဲမှာ (၄) ပွဲရှုံးနဲ့ (၁) ပွဲသာနိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်မှာလည်း ရော်နယ်ဒိုက အသင်းအတွက် (၄) ပွဲလုံးဂိုးသွင်းပေးခဲ့ရပြီး ရော်နယ်ဒိုရဲ့သွင်းဂိုးတွေသာမရှိခဲ့ရင် ယူနိုက်တက်တို့ ချန်ပီယံလိဂ်မှာပါ အခြေအနေဆိုးနေနိုင်ပါတယ်။ ရော်နယ်ဒိုဟာ အသင်းရလဒ်ဆိုးချိန်တိုင်း အမြဲတမ်းစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး သူ့ရဲ့ပုံစံက နည်းပြဆိုးလ်ရှားကိုပါ ဖိအားဖြစ်စေနိုင်တယ်လို့ ဂယ်ရီနဗီးလ်က ဝေဖန်ခဲ့ဖူးပါတယ်။

Express သတင်းဌာနရဲ့ဖော်ပြချက်အရ အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့လက်ကျန် ကစားသမားဘဝကို ဒီလိုမျိုးဖြတ်သန်းလိုခြင်းမရှိဘဲ အခုအခြေအနေဆိုးတွေကို အသင်းနဲ့ဘုတ်အဖွဲ့က ပြောင်းလဲဖို့ မတတ်နိုင်ခဲ့ရင် လာမယ့်နွေရာသီမှာတင် အသင်းက ပြန်လည်ထွက်ခွာဖို့ ခွင့်တောင်းသွားမယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝအတွက် အနည်းဆုံး နောက်ထပ် ချန်ပီယံလိဂ်ဖလားတစ်လုံးနဲ့ ဘလွန်းဒီအော်ဆုတစ်ဆုတို့ကို မျှော်လင့်နေပြီး ဒါတွေကိုဖြည့်ဆည်းပေးနိုင်မယ့် အသင်းတစ်သင်းကို ရှာဖွေသွားဖွယ်ရှိပါတယ်။

ရော်နယ်ဒိုဟာ လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားမှာ ပေါ်တူဂီနဲ့အတူ အောင်မြင်မှုရရှိနိုင်ရေး ပစ်မှတ်ထားနေတဲ့အပြင် (၂၀၂၆) ကမ္ဘာ့ဖလားမှာပါ ပေါ်တူဂီအတွက် ပါဝင်ကစားပေးဖို့ ရည်ရွယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က