ယူနိုက်တက်နည်းပြဟောင်း ရန်းနစ်ဂ်ဟာ လက်ရှိအချိန်မှာ သြစတြီးယားလက်ရွေးစင်အသင်းကို ကိုင်တွယ်နေပြီး သူ့ရဲ့လက်ရွေးစင်ကစားသမား ကာလာဇစ်ကို ယူနိုက်တက်ထံ မပြောင်းရွှေ့ဖို့ သွယ်ဝိုက်သတိပေးလိုက်ပါတယ်။ ကာလာဇစ်ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမားတွေထဲကတယောက်ဖြစ်နေတာကြောင့် ရန်းနစ်ဂ်က အခုလိုပဲ သတိပေးလိုက်တာပါ။
ရန်းနစ်ဂ်ဟာ ယူနိုက်တက်ကို ပြီးခဲ့တဲ့ရာသီဝက်မှာ (၆) လစာချုပ်နဲ့ ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ပါတယ်။ မူလစာချုပ်မှာ ရန်းနစ်ဂ်အနေနဲ့ နည်းပြသစ်ရောက်လာသည့်တိုင် ယူနိုက်တက်ရဲ့ အတိုင်ပင်ခံရာထူးအဖြစ် နောက်ထပ် (၂) နှစ် ဆက်လက်တာဝန်ယူဖို့ သဘောတူညီမှုရထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တန်ဟက်ခ်ရောက်လာပြီးနောက် ရန်းနစ်ဂ်က ယူနိုက်တက်ကနေ ရုတ်တရက်ထွက်ခွာသွားခဲ့ပါတယ်။
ဒီလိုမျိုးထွက်သွားတာက ယူနိုက်တက်ထိပ်သီးတာဝန်ရှိသူတွေနဲ့ ရန်းနစ်ဂ်အကြား အကွဲအပြဲတွေဖြစ်ခဲ့တာကြောင့်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အခုချိန်မှာလည်း ရန်းနစ်ဂ်က “ကာလာဇစ်အနေနဲ့ လက်ရှိရာသီမှာ ဒဏ်ရာပြဿနာကင်းရှင်းပြီး တတ်နိုင်သလောက် မြင့်မားတဲ့အဆင့်တခုမှာ လေ့ကျင့်ခန်းဆင်းနိုင်ဖို့၊ ပွဲကစားနိုင်ဖို့ အရေးကြီးပါတယ်”
“သူ့အနေနဲ့ ဒီရာသီကို စတုဂတ်မှာဆက်နေရင်လည်း တိုးတက်မှုမရှိမှာကို ပူစရာမလိုပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ပရိသတ်တွေကတော့ ရန်းနစ်ဂ်တယောက် ယူနိုက်တက်အကြောင်းကို ကောင်းကောင်းသိခဲ့တာကြောင့် သူ့လက်ရွေးစင်အသင်းက ကစားသမားကို ယူနိုက်တက်ဆီ မပြောင်းရွှေ့ဖို့ သွယ်ဝိုက်အသိပေးခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။
ရန်းနစ်ဂ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်ချိန်က အသင်းရဲ့လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြခဲ့သလို ကစားသမားသစ် (၁၀) ယောက်လောက် ဖြည့်တင်းရမယ်ဆိုတဲ့အထိ ပြောကြားခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက်ကစားသမားတွေရဲ့ကြံ့ခိုင်မှုအနေအထားကိုလည်း အတိအလင်းဝေဖန်ခဲ့ပြီး ဒီအချက်တွေကြောင့် အသင်းဒါရိုက်တာ ဂျွန်မာတာ့ဖ်နဲ့ ဆက်ဆံရေးပျက်စီးခဲ့ရတယ်လို့ သိရှိရပါတယ်။