မေဆင်မောင့်ကို လှောင်ပြောင်နေကြတာပါ။

မနေ့ညက လိုင်ယွန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ယူနိုက်တက် ကစားသမား မေဆင်မောင့်ရဲ့ ခြေစွမ်းအပေါ် ပြိုင်ဘက်ပရိသတ်တွေက လှောင်ပြောင်နေကြပြီး ချဲလ်ဆီးက ဒီလိုကစားသမားမျိုးကို ပေါင်သန်း (၆၀) နဲ့ ရောင်းချလိုက်တဲ့အပေါ် ဝမ်းသာကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။



ယူနိုက်တက်ဟာ လိုင်ယွန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဗန်ဒီဘိခ်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် မေဆင်မောင့်က ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ပထမပိုင်းအပြီးမှာတော့ ခြေစမ်းပွဲတွေရဲ့ ထုံးစံအတိုင်း နည်းပြ အဲရစ်တန်ဟက်ခ်က မေဆင်မောင့်အပါအဝင် ကစားသမားဆယ်ယောက်ကို လူစားလဲခဲ့ပါတယ်။

ဒီပွဲမှာ မေဆင်မောင့်က အသင်းအတွက် အပိုင်အခွင့်အရေးတစ်ကြိမ်ကို ပိတ်သွင်းခွင့် ရရှိခဲ့ပေမယ့် ထိချက် လွဲချော်ခဲ့သလို နောက်ထပ် ဂိုးပေါက်ခြိမ်းခြောက်မှုတစ်ကြိမ်မှာလည်း သူ့ရဲ့ ဧရိယာထိပ်က ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်တက်သွားခဲ့ပါတယ်။ မေဆင်မောင့်ဟာ လိဒ်စ်နဲ့ပွဲမှာလည်း ယူနိုက်တက်အတွက် ပါဝင်ကစားပေးခဲ့ပြီး လက်ရှိအချိန်အထိတော့ ဂိုးသွင်း၊ ဂိုးဖန်တီးမှု မပြုလုပ်နိုင်သေးပါဘူး။

မေဆင်မောင့်ဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာမှ ချဲလ်ဆီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်း၊ အပိုဆုကြေး ပေါင် (၅) သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက်မှာ မေဆင်မောင့်က ဂန္တဝင်ကျောနံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ် (၇) ကို ဝတ်ဆင်ကစားလျက်ရှိပါတယ်။

ပရိသတ်တွေကတော့ “မေဆင်မောင့်က အပိုင်အခွင့်အရေး (၂) ကြိမ်လောက်ကို လွဲသွားတာပဲ။ ချဲလ်ဆီးက သူ့ကို ပေါင်သန်း (၆၀) နဲ့ ရောင်းထုတ်လိုက်တာကို ဝမ်းသာပါတယ်” “မေဆင်မောင့် တလွဲတွေလုပ်တဲ့ ဗီဒီယိုကို နှစ်ပွဲဆက်တိုက် မြင်ရတာပဲ။ ဒါက ရယ်စရာကောင်းပါတယ်” “မေဆင်မောင့် မကောင်းတာ သိပါတယ်။ ဒါပေမယ့် အခုက မတူညီတဲ့အဆင့်တစ်ခုပါ။ တန်ဟက်ခ်ကတော့ ပေါင်သန်း (၇၀) နဲ့ ဒုက္ခရောက်သွားပါပြီ” လို့ လှောင်ပြောင်ခဲ့ကြပါတယ်။ ပရိသတ်အချို့ကတော့ မေဆင်မောင့်ရဲ့ ကစားပုံကို ကာကွယ်ပေးခဲ့ကြပေမယ့် ပြိုင်ဘက်တွေကတော့ လှောင်ပြောင်လျက်ရှိပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

က္က