ယူနိုက်တက်က အခုလည်း ဇယားအောက်ဆုံးကိုရောက်ရှိနေတာပါ။

စပါး ကွင်းလယ်လူဟောင်း အိုဟားရားက ယူနိုက်တက်နည်းပြ တန်ဟက်ခ်ရဲ့ အပြောင်းအလဲတွေက ဘာအဓိပ္ပာယ်မှမရှိကြောင်းနဲ့ ဒီအသင်းဟာ ရာသီကုန်မှာ တန်းဆင်းသွားနိုင်ကြောင်း သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နှစ်ပွဲကစားပြီးချိန်မှာ တမှတ်မရသေးဘဲ အဆင့် (၂၀) ကို ရောက်ရှိနေပါတယ်။



ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းပွဲမှာလည်း လေးဂိုးပြတ်နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီး ယူနိုက်တက်တို့ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိယူနိုက်တက်က အမှတ်ပေးဇယားအောက်ဆုံးအထိ ရောက်ရှိနေပြီး လာမယ့်အပတ်မှာလည်း လီဗာပူးနဲ့ပွဲကျပ်တပွဲကို ရင်ဆိုင်ရမှာပါ။

ယူနိုက်တက်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ အိုဟားရားက “ယူနိုက်တက်က တန်းဆင်းသွားနိုင်တဲ့အသင်းတသင်းပါ။ သူတို့ တန်းဆင်းလိမ့်မယ်လို့ ကျနော် ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့သလို ဘရန့်ဖို့ဒ်ကိုလည်း လေးဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေက တကယ်ကို ရှက်ဖို့ကောင်းပါတယ်”

“တန်ဟက်ခ်ပြုလုပ်နေတဲ့အပြောင်းအလဲတွေကလည်း ဘာတခုမှ အဓိပ္ပာယ်မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်ဟာ ကစားသမားသစ်တွေကို မဖြစ်မနေ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေပြီး ရော်နယ်ဒို၊ မက်ဂွိုင်းရားတို့ကလည်း ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားကြပါတယ်။

တန်ဟက်ခ်ဟာ ရာသီကြိုခြေစမ်းပွဲ အဖွင့်ပွဲသုံးပွဲဆက်တိုက် အသင်းကို နိုင်ပွဲရရှိအောင် ထိန်းကျောင်းနိုင်ခဲ့ပေမယ့် ရာသီပြန်စချိန်မှာတော့ ဒီအသင်းက ပုံမှန်အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာလည်း တန်ဟက်ခ်က သူ့အသင်းက ကစားသမား (၁၁) ယောက်လုံးကို လူစားလဲပစ်ချင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က