ပြီးခဲ့တဲ့ဘောလုံးရာသီအကုန်မှာ ကစားသမားဘဝက အနားယူသွားခဲ့ပြီဖြစ်တဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က ယူနိုက်တက် ကစားသမားဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံတစ်ခုအကြောင်းကို ကိုယ်တိုင်ရေးအထ္ထုပတ္တိမှာ ထည့်သွင်းရေးသားထားခဲ့ပါတယ်။ အဆိုပါ ဆွီဒင်လက်ရွေးစင်ဟောင်းကြီးဟာ ကစားသမားဘဝမှာ နာမည်ကျော်အသင်းအများအပြားမှာ ကစားခဲ့ဖူးသူပါ။
အေဂျက်စ်၊ ဘာစီလိုနာ၊ အင်တာမီလန်၊ အေစီမီလန်၊ ပီအက်စ်ဂျီ၊ ယူနိုက်တက်တို့မှာ ကစားခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝအတွက် တစ်ခုတည်းသော အားနည်းချက်က ချန်ပီယံလိဂ်မရခဲ့ဖူးတာပဲဖြစ်ပါတယ်။ ယူနိုက်တက်မှာလည်း အီဘရာဟီမိုဗစ်က ခြေစွမ်းပြနိုင်ခဲ့ပြီး ဒူးဒဏ်ရာကြောင့်သာ ယူနိုက်တက် ကစားသမားဘဝကို အဆုံးသတ်ခဲ့ရတာပါ။
သူ့ရဲ့စာအုပ်ထဲမှာတော့ အီဘရာဟီမိုဗစ်က “ယူနိုက်တက်က ထိပ်တန်းအသင်းတစ်သင်း၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အသင်းတွေထဲက တစ်သင်း၊ ပါဝါအရှိဆုံး အသင်းတစ်သင်းလို့ အားလုံး သိထားပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အမြင်မတူပါဘူး။ တစ်ခါ အသင်းနဲ့အတူ ပွဲမတိုင်ခင် ဟိုတယ်မှာရှိနေတုန်း ကျွန်တော် ရေဆာတာနဲ့ ဟိုတယ်ခန်း မီနီဘားကနေ သစ်သီးဖျော်ရည်တစ်ဘူး ယူသောက်လိုက်ပါတယ်”
“ကျွန်တော်တို့ အဲ့ဒီမှာ ပွဲကစားပြီး အိမ်လည်း ပြန်ရောက်ပါပြီ။ အချိန်တောင် နည်းနည်းကြာသွားပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ပေးစလစ် ရောက်လာပါတယ်။ ပုံမှန်ဆို ကျွန်တော် မကြည့်ဖြစ်ပါဘူး။ နှစ်ကုန်မှသာ ဘယ်လောက်ဝင်တယ်၊ ဘယ်လောက် ကုန်တယ်ဆိုတာကို ကြည့်တာပါ။ အဲ့ဒီတုန်းက ဘာလို့ကြည့်လိုက်မှန်း ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော့်အထဲကနေ တစ်ပေါင် နှုတ်ထားပါတယ်”
“အဲ့ဒါနဲ့ အသင်းမန်နေဂျာကို အကျိုးအကြောင်း မေးတော့ သူက ကျွန်တော် အအေး ယူသောက်ထားတဲ့အကြောင်းကို ပြောပါတယ်။ ခင်ဗျား နောက်နေတာလားဆိုပြီး မေးလိုက်တော့ သူက တကယ်ဆိုပြီး ပြောပါလေရော။ ကျွန်တော် ကိုယ့်ဘာသာ မှာတာကို ကျွန်တော်ပဲ ပေးရမယ်တဲ့ဗျာ။ သေချာတာပေါ့။ ဒါပေမယ့် ကျွန်တော် ဟိုတယ်ကို ကိုယ့်သဘောနဲ့ကိုယ် သွားတာ မဟုတ်ပါဘူး။ အားလပ်ရက်ခရီးထွက်တာလည်း မဟုတ်ပါဘူး”
“ကျွန်တော် ယူနိုက်တက်အတွက် ကစားပေးဖို့ ရောက်နေခဲ့ပြီး ရေဆာလို့ သောက်လိုက်တာပါ။ ကွင်းထဲကို ကျွန်တော် ရေဓာတ်မရှိဘဲ မသွားနိုင်ပါဘူး။ ဒါမျိုးက အီတလီမှာဆိုရင် ဘယ်တော့မှမဖြစ်ပါဘူး။ သူတို့က ကစားသမားတွေအပေါ်မှာ မတူကွဲပြားမှုတွေနဲ့ လေးစားမှုရှိပါတယ်” လို့ ရေးသားထားကြောင်း သိရှိရပါတယ်။