အသင်းလက်မဲ့ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာကတော့ ဆိုရှယ်မီဒီယာပေါ်မှာ trend ဖြစ်နေပါတယ်။ ဂါလာတာစာရေးကို အိမ်ကွင်းမှာပဲ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့ပြီး ဂိုးသမားအိုနာနာရဲ့ အမှားအယွင်းတွေကလည်း များသထက်များလာချိန်မှာ ဒီဂီယာနဲ့ ပတ်သက်ပြီး ပြောဆိုရှာဖွေမှုတွေက ဆိုရှယ်မီဒီယာမှာ များပြားနေခဲ့တာဖြစ်ပါတယ်။
တန်ဟက်ဂျ်ရဲ့ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၁၀ပွဲမှာ ၁၈ ဂိုးအထိ ပေးခဲ့ရပြီး အိုနာနာကလည်း လက်စွမ်းပြသနိုင်ခြင်းမရှိဘဲ အမှားအယွင်းတွေ ပြုလုပ်နေခဲ့တာပါ။ ဘောလုံးပေးပို့ပုံနဲ့ အသင်းကစားကွက်ကို လိုက်ပါမှုမှာ အိုနာနာက ကောင်းမွန်ခဲ့ပေမယ့် ဂိုးပေါက်ကာကွယ်မှုအပိုင်းမှာတော့ အားနည်းချက်တွေ အများကြီးပဲ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
မနေ့ညကပွဲအပြီးမှာဆိုရင်လည်း ဒီဂီယာကို အသင်းကနေ ထွက်ခွာစေခဲ့တာက မှားယွင်းခဲ့တယ်ဆိုတာကို ပရိသတ်တွေက ဝေဖန်ရေးသားခဲ့ကြပြီး အားလုံးကိုယ်စား တောင်းပန်ပါတယ်လို့ ရေးသားသူတောင်မှ ရှိခဲ့ကာ ဒီဂီယာနဲ့ ဟန်ဒါဆန်ကို အသင်းကထွက်စေပြီး အိုနာနာနဲ့ ဘာယင်ဒါကို ခေါ်ယူခဲ့တာက အသင်းကို အကြီးမားဆုံး ကျဆင်းစေမှုလို့ပါ ဝေဖန်နေပြီဖြစ်ပါတယ်။
တဖက်မှာ ဒီဂီယာကလည်း သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ "Love Y'all" လို့ရေးသားကာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ပုံတွေကို တင်ထားခဲ့ပါတယ်။ ယူနိုက်တက်ရှုံးပွဲတွေ့ပြီးချိန်မှာ သူက တင်ခဲ့တာဖြစ်ပြီး ဒါဟာ အသင်းဟောင်းကို လှောင်ပြောင်ခဲ့တာဖြစ်မယ်လို့လည်း ပရိသတ်တွေက ယူဆနေကြပါတယ်။