ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ လာမယ့်ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့အတူ ဆက်ရှိနေဖို့ ဆန္ဒရှိနေပေမယ့် အသင်းကိုတော့ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်မှာသာ ဆက်နေမယ်ဆိုရင်တော့ နှစ်ပေါင်း (၂၀) အတွင်း သူ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပထမဆုံး လွဲချော်ရမှာပါ။
ဒါပေမယ့် ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်မှာ အနည်းဆုံး စာချုပ်သက်တမ်းကုန်ဆုံးအောင် နေသွားဖို့ ဆန္ဒရှိပြီး သူ့ရဲ့ စာချုပ်သက်တမ်းကလည်း လာမယ့် ဘောလုံးရာသီပြီးဆုံးချိန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့အနာဂတ်၊ အခန်းကဏ္ဍအတွက်တော့ နည်းပြသစ် အဲရစ်တန်ဟက်ခ်နဲ့ ဆွေးနွေးရဦးမှာပါ။
အဲရစ်တန်ဟက်ခ်ကလည်း ရော်နယ်ဒိုကို အသင်းမှာဆက်ထားဖို့ ဆန္ဒရှိနေပြီး အသင်းရဲ့ ပွဲထွက်ကစားသမား အခင်းအကျင်းကိုလည်း ဖြည်းဖြည်းချင်းနဲ့ အလုံးစုံ ပြောင်းလဲသွားဖို့ ဆန္ဒရှိနေပါတယ်။ အဲရစ်တန်ဟက်ခ်ဟာ ဒီအကြောင်းကိုလည်း ယူနိုက်တက်ဘုတ်အဖွဲ့ထံ တင်ပြထားပြီးဖြစ်ပြီး လှုပ်ရှားမှုအချို့လည်း စတင်ပြုလုပ်နေပါတယ်။
ဒါပေမယ့် စိုးရိမ်စရာ သတင်းတရပ်အနေနဲ့ ဘုတ်အဖွဲ့ဘက်က လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်မယ့် ကစားသမားအများစုကို ပိုမို စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။ နာမည်ကျော် ဂျာနယ်လစ် ရိုမာနိုရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ အသင်းပြောင်းဖို့ လုံးဝမစဥ်းစားဘဲ ယူနိုက်တက်ကို အောင်မြင်တဲ့ အသင်းတသင်းဖြစ်အောင် ဘယ်လိုပြန်လုပ်ရမလဲဆိုတာကိုပဲ စဥ်းစားနေတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် သူ့ကို ဝန်းရံတည်ဆောက်မယ့်အသင်းကို လုံးဝအသစ်အနေအထားနဲ့ မြင်တွေ့လိုနေတာဖြစ်ပါတယ်။ ဒီအတွက် ယူနိုက်တက်တာဝန်ရှိသူတွေဘက်က ငွေကြေးအလုံးအရင်း သုံးစွဲရမှာဖြစ်ပြီး ရော်နယ်ဒိုကလည်း ဘုတ်အဖွဲ့ကို ငွေကြေးသုံးစွဲပေးဖို့အတွက် လျှို့ဝှက်ဖိအားပေးနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူပါ။ သူ့အနေနဲ့ လာမယ့်ရာသီ အသင်းမှာဆက်နေဖို့ ဆန္ဒရှိသည့်တိုင် အသင်းတာဝန်ရှိသူတွေရဲ့ ပြင်ဆင်အားဖြည့်မှု၊ အဲရစ်တန်ဟက်ခ်နဲ့ သူ့အကြား ဆက်ဆံရေး အစရှိတာတွေကို ထည့်သွင်းစဥ်းစားရဦးမှာဖြစ်ပါတယ်။