ယူနိုက်တက်ဘက်ကပါ ကြေညာချက် ထုတ်ပြန်ခဲ့ရတာပါ။

ယူနိုက်တက် ကစားသမား မေဆင်မောင့်ဟာ ‌သူ့နောက်ကနေ ပရိသတ်အချို့ တောက်လျှောက်လိုက်ပြီး လက်မှတ်ရေးထိုးခိုင်းနေတာကြောင့် ဒုက္ခရောက်နေကြောင်း သိရှိရပါတယ်။ မေဆင်မောင့်ဟာ လက်ရှိနွေရာသီမှာ ချဲလ်ဆီးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေးပေါင် (၅၅) သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။



အခုချိန်မှာတော့ မေဆင်မောင့်နောက်ကနေ ပရိသတ်အချို့က တ‌ကောက်ကောက်လျှောက်လိုက်ပြီး လက်မှတ်ရေးထိုးဖို့ တောင်းဆိုနေကြောင်း နောက်ဆုံးထွက်ပေါ်လာတဲ့ ဗီဒီယိုတွေအရ သိရှိရပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာ မေဆင်မောင့်က “ငါ လက်မှတ်မထိုးပေးနိုင်တာကို မင်းတို့လည်း သိပါတယ်။ ငါ လွန်ခဲ့တဲ့ (၃) ရက်လောက်ကတည်းက လက်မှတ်မထိုးပေးခဲ့တာကို မင်းတို့ ဘာလို့ ငါ့နောက်ကို တောက်လျှောက်လိုက်နေရတာလဲ” လို့ ပြောဆိုခဲ့ပါတယ်။


ယူနိုက်တက်ဘက်ကလည်း မေဆင်မောင့် ကြုံတွေ့ခဲ့ရတဲ့ ပြဿနာအတွက် တရားဝင်ကြေညာချက် ထုတ်ပြန်ပြီး ဖြေရှင်းခဲ့ရပါတယ်။ ယူနိုက်တက်က အချို့သော ကြေးစား လက်မှတ်သမားတွေက ယူနိုက်တက် ကစားသမားတွေကို လက်မှတ်ထိုးဖို့ အမြဲတမ်းဖိအားပေးခဲ့ကြောင်း၊ ဒါက တကယ်ကို စိတ်ပျက်စရာဖြစ်ပြီး ယူနိုက်တက်အတွက် အဓိကပြဿနာတစ်ခုဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

မေဆင်မောင့်ကို လက်မှတ်ရေးထိုးခိုင်းခဲ့တဲ့ လူငယ်အဖွဲ့ဟာ အုပ်စုလိုက် လှုပ်ရှားကြတဲ့အဖွဲ့တွေဖြစ်ပြီး သူတို့ရဲ့ စံပြပုဂ္ဂိုလ်တွေကို အပြင်မှာတွေ့ဆုံခွင့်ရဖို့ အမြဲတမ်း ကြိုးစားခဲ့ကြပါတယ်။ ယူနိုက်တက်ဘက်ကတော့ အဆိုပါ ပရိသတ်တွေအနေနဲ့ အခုလိုမျိုး အပြုအမူတွေကို ဆက်လက်ကျူးလွန်နေဦးမယ်ဆိုရင် လိုအပ်တဲ့ အရေးယူစုံစမ်းမှုတွေ ပြုလုပ်သွားမယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မေဆင်မောင့်ဟာ လိဒ်စ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ပထမဆုံး ပါဝင်ကစားပေးခဲ့ပြီး သူ့ရဲ့ ပွဲဦးထွက်ခြေစွမ်းနဲ့ပတ်သက်လို့ ပရိသတ်တွေက အမြင်အမျိုးမျိုးကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မေဆင်မောင့်ဟာ အဆိုပါပွဲမှာ အခွင့်အရေးတစ်ကြိမ်ကို လွဲချော်ခဲ့ပေမယ့် သူကစားခဲ့တဲ့ (၄၅) မိနစ်အနေအထားအရ ယူနိုက်တက်ပရိသတ်တွေအတွက် ကျေနပ်စရာ ကစားပုံကို ပြသနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က