ဖာနန်ဒက်စ်ဟာ ကစားသမားဘဝမှာ ပင်နယ်တီ ၄၆ ကြိမ် ကန်သွင်းယူခဲ့ပြီး ၄ ကြိမ်သာ လွဲချော်ထားခဲ့လို့ ၉၁% အထိ ဂိုးရရှိခဲ့ပါတယ်။
အက်စတွန်ဗီလာနဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပေမယ့်လည်း အသင်းရဲ့ ပင်နယ်တီကန်သွင်းမယ့်တာဝန်ကို သူပဲ ဆက်ယူထားမှာဖြစ်တယ်လို့ ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်က ပြောဆိုလိုက်ပါတယ်။ ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ယူနိုက်တက်ဟာ ဗီလာနဲ့ အမှတ်ပေးပွဲကစားခဲ့ရပြီး ဖာနန်ဒက်စ်က ပင်နယ်တီကန်သွင်းခဲ့ရာမှာ ဂိုးဘားတန်းပေါ်ကျော်တက်ခဲ့ပြီး လွဲချော်ခဲ့ရပါတယ်။
ဒါဟာ စပို့တင်းကွင်းလယ်လူဟောင်းအတွက်လည်း ကစားသမားဘဝမှာ ပင်နယ်တီကန်သွင်းခဲ့သမျှ ပထမဆုံးအကြိမ် ဂိုးပေါက်မတည့်ခဲ့မှုလည်းဖြစ်လာခဲ့ပါတယ်။ ဒီလွဲချော်မှုအတွက် ပွဲအပြီးမှာ ဘရူနိုက တောင်းပန်စကားဆိုခဲ့ပြီး အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့မယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့လွဲချော်မှုအပြီး ယူနိုက်တက်ရဲ့ ပင်နယ်တီကန်သွင်းခွင့်တာဝန်ကို ရော်နယ်ဒိုရယူသင့်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် ဗီလာရီးရဲလ်နဲ့ပွဲအပြီး BT Sports နဲ့ အင်တာဗျူးမှာ ဖာနန်ဒက်စ်က "ဒီနေ့ပွဲအတွက်လည်း ပင်နယ်တီတာဝန်ကို ကျွန်တော်ရယူထားတာပါ၊ ဒါပေမယ့် ပင်နယ်တီတော့မရခဲ့ပါဘူး၊ ပွဲမတိုင်ခင်မှာ ပင်နယ်တီကန်သွင်းဖို့ ဘယ်သူတာဝန်ယူရမလဲဆိုတာကို နည်းပြက ဆုံးဖြတ်ခဲ့တာပါ" လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ ဆိုးလ်ရှားဘက်က အသင်းရဲ့ ပင်နယ်တီကန်သွင်းရှင်အဖြစ် ဖာနန်ဒက်စ်အပေါ် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးထားဆဲဖြစ်တယ်ဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဖာနန်ဒက်စ်ဟာ ကစားသမားဘဝမှာ ပင်နယ်တီ ၄၆ ကြိမ် ကန်သွင်းယူခဲ့ပြီး ၄ ကြိမ်သာ လွဲချော်ထားခဲ့လို့ ၉၁% အထိ ဂိုးရရှိခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ၁၆၇ ကြိမ် ကန်သွင်းယူခဲ့ပြီး ၁၃၉ ဂိုးအထိ ရရှိခဲ့ကာ အောင်မြင်မှုနှုန်းကတော့ ၈၃% ရှိနေပါတယ်။ အချက်အလက်အရဆိုရင်တော့ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကန်သွင်းမှုစွမ်းရည်က ပိုမိုကောင်းမွန်နေတာဖြစ်ပေမယ့် ရော်နယ်ဒိုကတော့ ကန်သွင်းမှုအကြိမ်အရေအတွက်ပိုမိုများပြားနေတာကိုလည်း စဉ်းစားရဖို့ရှိနေပါတယ်။