မက်တော်မီနေးရဲ့ တလုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ယူနိုက်တက် နဲ့ ဗီလာတို့ရဲ့ အက်ဖ်အေဖလားပွဲမှာတော့ မက်တော်မီနေးရဲ့ ပွဲအစ ၈ မိနစ်မှာ သွင်းယူခဲ့တဲ့ တလုံးတည်းသောဂိုးနဲ့ ယူနိုက်တက်တို့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက်တို့ ထုံးစံအတိုင်း ခြေစွမ်းမကောင်းခဲ့ဘဲ ဗီလာကတောင် ပိုမိုစိတ်လှုပ်ရှားစရာအနေအထားတွေကို ပြသခဲ့ပြီး ဒီဂီယာလက်စွမ်းပြခဲ့ရပါတယ်။ 

ဗီလာနည်းပြဂျရတ်အတွက်တော့ သူ့ရဲ့အမုန်းတီးဆုံးအသင်းဖြစ်တဲ့ ယူနိုက်တက်ကို နည်းပြဘ၀နဲ့ ပထမဆုံးအကြိမ်ရင်ဆိုင်ရာမှာ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲမှာလည်း ယူနိုက်တက်ပရိသတ်တွေက ဂျရတ်ကို ပစ်မှတ်ထားကာ လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပြီး ဝိုင်းဝန်းအော်ဟစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဂျရတ်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်လည်တုံ့ပြန်ပြသွားခဲ့ပါတယ်။ 

ယူနိုက်တက်ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုတွေနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ ဂျရတ်ကို မေးခွန်းထုတ်ခဲ့ရာမှာတော့ "တော်တော်လေးငြိမ်နေတာပါ၊ ဒီထက်မက ဆူညံတဲ့ ကွင်းတွေကို ကျနော်သွားဖူးတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဗီလာဟာ ပွဲချိန်အများစုကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ ချေပဂိုးမရခဲ့ဘဲ ဒန်နီအင့်စ်ရဲ့ သွင်းဂိုးကလည်း ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။ 

ဒန်နီအင့်စ်ဂိုးမသွင်းခင်မှာ ဂျက်ကော့ရမ်ဆေးက ကာဗာနီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ VAR ပြန်လည်ကြည့်ပြီး ကွင်းလယ်ဒိုင်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ "VAR က ဒီမှာရှိနေချိန်မှာ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့လက်ခံရမှာပဲ၊ ဘာမှပြောင်းလဲလို့မရပါဘူး၊ အကောင်းဆုံးနည်းလမ်းကတော့ ကံတရားနဲ့ ဒိုင်လူကြီးတွေကိုပဲ အပြစ်တင်ဖို့ပေါ့၊ ဒီလိုမျိုး ကျနော်တို့မလုပ်ပါဘူး" လို့ ဂျရတ်ကပြောဆိုခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။ 

"အသင်းရဲ့ ဒီနေ့ညစွမ်းဆောင်ရည်အပေါ် ကျနော်စိတ်မပျက်မိပါဘူး၊ အခွင့်အရေးတွေမရယူနိုင်ခဲ့တာ၊ ပျက်ချော်ချော်ဂိုးတဂိုးခွင့်ပြုခဲ့ရတာကိုပဲ စိတ်ပျက်မိပါတယ်" လို့လည်း ဂျရတ်ကပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က