တနင်္လာနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံးဆု ချီးမြှင့်တဲ့အခမ်းအနားမှာ အန်တိုနီက တစ်ရာသီအတွင်း အကောင်းဆုံး သွင်းဂိုးဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါတယ်။ အန်တိုနီဟာ ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပထမဆုံးပွဲဦးထွက်ဖြစ်တဲ့ အာဆင်နယ်နဲ့ပွဲမှာတင် ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ယူနိုက်တက်ရဲ့ အကောင်းဆုံးသွင်းဂိုးဆုအတွက် အန်တိုနီရဲ့ သွင်းဂိုးက မဲရာခိုင်နှုန်း (၁၉) ရာခိုင်နှုန်းရရှိခဲ့ပြီး လီဗာပူးနဲ့ အိမ်ကွင်းပွဲမှာ သွင်းယူခဲ့တဲ့ ဆန်ချိုရဲ့ သွင်းဂိုးက မဲရာခိုင်နှုန်း (၁၇) ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲမှာ သွင်းယူခဲ့တဲ့ ဂါနာချိုရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးက မဲရာခိုင်နှုန်း (၁၄) ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရှိရပါတယ်။ အန်တိုနီဟာ ချဲလ်ဆီးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အခု ဆုပေးပွဲကိုတော့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ အန်တိုနီက “ကျွန်တော့်ရဲ့ ပထမဆုံးရာသီမှာ တစ်ရာသီ အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့လို့ အရမ်းပျော်ပါတယ်”
“ယူနိုက်တက်မှာရှိတဲ့သူတိုင်းနဲ့ ကျွန်တော်တို့ကို ဒီရာသီမှာ အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အန်တိုနီဟာ မလိုအပ်ဘဲ ဘောလုံးနဲ့အတူ (၃၆၀) ဒီဂရီလှည့်ပြလေ့ရှိတာကြောင့်လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူကတော့ ဒါတွေကို ဂရုစိုက်မှာမဟုတ်ဘဲ လုပ်မြဲအတိုင်း ဆက်လုပ်မယ်လို့ ပြီးခဲ့တဲ့ရာသီအတွင်းမှာ တုံ့ပြန်ခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာတော့ ဒီကစားသမား ဒဏ်ရာပြဿနာကြောင့် အနားယူနေရပါပြီ။ လာမယ့်တစ်ပတ် မန်စီးတီးနဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း အန်တိုနီတစ်ယောက် ပါဝင်ကစားနိုင်ဖို့မရှိတော့ဘဲ အသင်းရဲ့ နွေရာသီ ခရီးစဥ်မှသာ ပြန်လည် လိုက်ပါနိုင်ဖို့ မျှော်လင့်ရဖွယ်ရှိပါတယ်။