ပရီးမီးယားလိဂ်ရာသီသစ်အတွက် ပွဲစဥ်ဇယားတွေကို ဒီကနေ့မှာပဲ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရာသီအဖွင့်ပွဲအဖြစ် ဘရိုက်တန်ကို အိမ်ကွင်းအိုးထရက်ဖို့ဒ်၊ သြဂုတ် (၇) မှာ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ ဒါဟာ အဲရစ်တန်ဟက်ခ်အတွက် ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ပရီးမီးယားလိဂ်အိမ်ကွင်းပွဲလည်းဖြစ်လာမှာပါ။
ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်းမှာ ယူနိုက်တက်ကို သူတို့အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ ဒီအသင်းရဲ့ကစားပုံက ယူနိုက်တက်ထက် ပိုကောင်းတဲ့ အနေအထားမှာရှိခဲ့တာပါ။ ဒါ့အပြင် တန်ဟက်ခ်ရဲ့ ယူနိုက်တက်က အောက်တိုဘာမကုန်ခင်မှာတင် ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။
ယူနိုက်တက်ဟာ သြဂုတ်ကနေ အောက်တိုဘာအတွင်း ပွဲစဥ်တွေမှာ လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီး၊ စပါး၊ ချဲလ်ဆီးတို့နဲ့ ထိပ်တိုက်တွေ့နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်အနေနဲ့ ထိပ်သီး (၆) သင်းမှာ ပါဝင်တဲ့ အသင်းတွေအားလုံးနဲ့ စောစောစီးစီးပဲ ပွဲကျပ်ကစားရမှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူး၊ မန်စီးတီးတို့ကို နှစ်ကျော့လုံးရှုံးခဲ့တာပါ။
အာဆင်နယ်ကိုလည်း တပွဲရှုံး၊ တပွဲသရေ၊ ချဲလ်ဆီးနဲ့ နှစ်ကျော့လုံးသရေကျခဲ့ပြီး စပါးကိုတော့ နှစ်ကျော့လုံး အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်နည်းပြ တန်ဟက်ခ်အနေနဲ့ ရာသီအစောပိုင်းမှာတင် ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ရင်ဆိုင်ရဦးမယ်လို့ဆိုနေကြတာပါ။ ယူနိုက်တက်ဟာ သြဂုတ်အတွင်း တတိယမြောက် ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။
စက်တင်ဘာမှာ အာဆင်နယ်ကို အိမ်ကွင်း နဲ့ အောက်တိုဘာကတော့ ပွဲအကျပ်ဆုံးလို့ဆိုရမှာပါ။ အောက်တိုဘာအတွင်းမှာ ယူနိုက်တက်က မန်စီးတီးနဲ့ချဲလ်ဆီးကို အဝေးကွင်း၊ စပါးကို အိမ်ကွင်းမှာ ကစားရမှာပါ။ ဒါ့အပြင် စပါးနဲ့ပွဲ၊ ချဲလ်ဆီးနဲ့ပွဲကလည်း (၃) ရက်ပဲခြားပါတယ်။ ဒီအောက်တိုဘာအတွင်းမှာပဲ ယူနိုက်တက်က အဲဗာတန်နဲ့ အဝေးကွင်း၊ နယူးကာဆယ်နဲ့အိမ်ကွင်း၊ ဝက်စ်ဟမ်းနဲ့အိမ်ကွင်းအဖြစ် ခက်ခဲတဲ့ပွဲစဥ်တွေကို ရင်ဆိုင်ရဦးမှာလည်းဖြစ်ပါတယ်။