အမေရိကန်ဟာ ဂိမ်းဝင်ငွေအများဆုံး ရှာပေးတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်

COVID-19 ကပ်ဘေးအတွင်း စမတ်ဖုန်းဈေးကွက်ဟာ အကျရောက်ခဲ့ပေမယ့် မိုဘိုင်းဂိမ်းဝင်ငွေဟာ ဆက်လက်မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။

မိုဘိုင်း app အချက်အလက် လေ့လာရေးလုပ်ငန်းတစ်ခု ဖြစ်တဲ့ Sensor Tower ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ဒုတိယသုံးလပတ် မိုဘိုင်းဂိမ်းဝင်ငွေဟာ နှစ်အလိုက် ၂၇% မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ဝင်ငွေအနေနဲ့ ဒေါ်လာ၁၉.၃ ဘီလျံဝန်းကျင် ရရှိခဲ့တာ ဖြစ်ပြီး အရင် သုံးလပတ်ဝင်ငွေထက် ၁၀.၃% မြင့်တက်လာတာလည်း ဖြစ်ပါတယ်။




မေလထဲမှာ မိုဘိုင်းဂိမ်းဝင်ငွေဟာ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး တစ်လတည်းနဲ့ ဒေါ်လာ ၆.၆ ဘီလျံ ( နှစ်အလိုက် ၂၁.၅%) ဝင်ခဲ့တာပါ။ ၂၀၂၀ ပထမသုံးလပတ်အတွင်း ဂိမ်းကစားသူတွေရဲ့ ငွေကြေးသုံးစွဲမှုဟာ သုံးလပတ်အလိုက် ၆.၇% မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၇.၅ ဘီလျံ ရှိခဲ့ပါတယ်။ ဂိမ်းသစ်များ ဒေါင်းလုပ်ဆွဲ ထည့်သွင်းမှုကလည်း ပထမသုံးလပတ်မှာ အကြိမ်ရေ ၁၃.၄ ဘီလျံကနေ ဒုတိယသုံးလပတ်မှာ အကြိမ်ပေါင်း ၁၅ ဘီလျံကျော်ခဲ့ပါတယ်။

၂၀၂၀ ပထမသုံးလပတ်ကနေ ဒုတိယသုံးလပတ်အတွင်း ဂိမ်းသစ် ဒေါင်းလုပ်ဆွဲမှုအများဆုံး ထိပ်တန်းသုံးနိုင်ငံဟာ အိန္ဒိယ ၊ အမေရိကန်နဲ့ ဘရာဇီး တို့ ဖြစ်ပြီး အိန္ဒိယဟာ ပထမ သုံးလပတ် Q1 မှာ ဂိမ်းဒေါင်းလုပ်ဆွဲမှု အကြိမ်ပေါင်း ၁.၈ ဘီလျံ ရှိရာကနေ ဒုတိယသုံးလပတ် Q2 မှာ ၅၀% မြင့်တက်လာပြီး ၂.၇ ဘီလျံအထိ ရှိလာပါတယ်။

အမေရိကန်နိုင်ငံအတွင်း ဂိမ်းဒေါင်းလုပ်ဆွဲမှုဟာ Q1 နဲ့ Q2 အတွင်း အကြိမ်ပေါင်း ၁.၄ ဘီလျံကျော် ရှိထားပါတယ်။ ပထမသုံးလပတ် Q1 မှာ ဘရာဇီးနိုင်ငံအတွင်း ဂိမ်းဒေါင်းလုပ်ဆွဲမှု အကြိမ်ပေါင်း ၁.၁ ဘီလျံ ရှိခဲ့ပြီး ဒုတိယသုံးလပတ်မှာ အကြိမ်ပေါင်း ၁.၉ ဘီလျံ ရှိခဲ့ပါတယ်။ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံအတွင်းမှာတော့ ပထမသုံးလပတ်အတွင်း ဂိမ်းဒေါင်းလုပ်ဆွဲမှု အကြိမ်ရေ ၇၄၃ သန်း ရှိခဲ့ရာကနေ ဒုတိယသုံးလပတ်မှာ ၃၅.၈% ကျဆင်းပြီး အကြိမ်ရေ ၄၇၇ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂိမ်းဝင်ငွေအများဆုံး ဖန်တီးပေးတဲ့ နိုင်ငံစာရင်းမှာ အမေရိကန်နိုင်ငံဟာ နံပါတ်တစ် စွဲခဲ့ပြီး ပထမ ၆ လအတွင်း ဒေါ်လာ ၁၀ ဘီလျံကျော်ဖိုး ရှာပေးနိုင်ခဲ့တယ်လို့ Sensor Towers အချက်အလက်တွေက ဖော်ပြထားပါတယ်။ ၂၀၂၀ ပထမသုံးလပတ်အတွင်း အမေရိကန်နိုင်ငံမှ ဂိမ်းကစားသူတွေဟာ ဒေါ်လာ၄.၅ ဘီလျံဖိုး သုံးစွဲခဲ့ပြီး ဒုတိယသုံးလပတ်မှာတော့ ၂၄.၄% တိုးလာပြီး ဒေါ်လာ ၅.၆ ဘီလျံအထိ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်နဲ့ တရုတ်နိုင်ငံတွေဟာ App Store ပေါ်မှာ ဒုတိယနဲ့ တတိယမြောက် ဂိမ်းဝင်ငွေအများဆုံး နိုင်ငံတွေ ဖြစ်ပါတယ်။ Tencent မှ ထုတ်ထားတဲ့ PUBG Mobile ဂိမ်းဟာ ၂၀၂၀ ဒုတိယသုံးလပတ် ဝင်ငွေ ဒေါ်လာ ၆၂၁ သန်း ရခဲ့ပြီး ဝင်ငွေအများဆုံး ဂိမ်းအဖြစ် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က