ယူနိုက်တက်ကလည်း ရိုဟိုကို ပြန်လည်ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး ကစားသမားအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
အာဂျင်တီးနားကလပ် Estudiantes မှာ အငှားနဲ့သွားရောက်ကစားနေတဲ့ ယူနိုက်တက်နောက်ခံလူရိုဟိုက မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်မလာချင်တော့ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနားနောက်ခံလူဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သူ့ရဲ့ ငယ်ဘဝကလပ်ကို အငှားနဲ့သွားရောက်ကစားနေခဲ့ရတာဖြစ်ပါတယ်။
ဒီရာသီမှာ ယူနိုက်တက်အတွက် ပုံမှန်ကစားခွင့်မရခဲ့ဘဲ ဒဏ်ရာတွေနဲ့သာ လုံးပမ်းနေခဲ့ရတဲ့ ရိုဟိုဟာ ယူနိုက်တက်ကနေ အပြီးသတ်ထွက်ခွာဖို့ ဆန္ဒရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်လည်း ရိုဟိုကို ပြန်လည်ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး ကစားသမားအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
"အပြောင်းအရွှေ့က ကျွန်တော့်အပေါ်မှာသာ မူတည်နေခဲ့မယ်ဆိုရင်တော့ ဒီမှာနောက်ထပ် ၆ လလောက် ကျွန်တော်ဆက်နေချင်သေးတယ်လို့ ယူနိုက်တက်ကို ပြောချင်ပါတယ်၊ ပွဲနည်းနည်းလောက်ပဲ ကစားရပြီး အသင်းကထွက်ခွာရမှာက ပိုပြီးတော့နာကျင်ခံစားရမှာပါ၊ အခုဆိုရင် ကျွန်တော်ရာနှုန်းပြည့်ကောင်းမွန်နေပြီး တစ်ပွဲထက်မက ကစားနိုင်နေပါပြီ" လို့ ရိုဟိုက Estudiantes Y Su Gente နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။
Estudiantes အသင်းရဲ့ ဥက္ကဌ နဲ့ ယူနိုက်တက်ကွင်းလယ်လူဟောင်းဗီရွန်ကလည်း ရိုဟိုကို အသင်းမှာဆက်လက်ရှိနေစေချင်တယ်လို့ ပြီးခဲဲ့တဲ့လအတွင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ "သူ့အခြေအနေက ကောင်းမွန်ပါတယ်၊ သူဒီမှာဆက်ပြီးတော့ ရှိနေပါလိမ့်မယ်" လို့ ဗီရွန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရိုဟိုကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၄ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ခြောက်နှစ်တာကာလအတွင်းမှာ ပြိုင်ပွဲစုံ ၁၂၂ပွဲသာ ကစားပေးခဲ့ရပြီး ၂ဂိုးသွင်းယူပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။