မာနေးကတော့ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပေါင်သန်း ၃၀နဲ့ ပြောင်းရွှေ့ခဲ့ပြီး ကစားသမားဘဝနောက်တဆင့်ကို တက်ရောက်နိုင်ခဲ့သူဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်က လီဗာပူးလ်ကိုမပြောင်းရွှေ့ခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အလေးအနက်ထားစဉ်းစားခဲ့တယ်လို့ ဆာဒီယိုမာနေးက ဝန်ခံလိုက်ပါတယ်။ မာနေးကတော့ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပေါင်သန်း ၃၀နဲ့ ပြောင်းရွှေ့ခဲ့ပြီး ကစားသမားဘဝနောက်တဆင့်ကို တက်ရောက်နိုင်ခဲ့သူဖြစ်ပါတယ်။
လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ကာ ဒီရာသီမှာလည်း အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ မာနေးက အခွင့်အရေးကောင်းပိုင်ဆိုင်နေပြီလည်းဖြစ်ပါတယ်။ မာနေးရဲ့ အသင်းရွေးချယ်မှုက မှန်ကန်ခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့လေးနှစ်ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ကိုသာ ဦးစားပေးစဉ်းစားခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။
The Times နဲ့ တွေ့ဆုံခဲ့မှုမှာ လီဗာပူးလ်အသင်းနဲ့ အခုလိုတိုးတက်လာခဲ့ဖို့ မျှော်လင့်ခဲ့သလားဆိုတဲ့ မေးခွန်းကို မာနေးက "တကယ်ကို မထင်ထားခဲ့ပါဘူး၊ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်အသင်းအကြောင်းကို ပိုပြီးတော့ စဉ်းစားဖြစ်ခဲ့ပါတယ်၊ ကျွန်တော့်အတွက် ခက်ခဲခဲ့တဲ့အချိန်တွေဖြစ်ခဲ့ပြီး ဘယ်သူကမှခေါ်မှာမဟုတ်ဘူးလို့ထင်ခဲ့ပါတယ်"
"ဒါပေမယ့် ကလော့ပ်က ကျွန်တော့်ကို ခေါ်ယူခဲ့လို့ ကျေနပ်ခဲ့မိပါတယ်" လို့ မာနေးက ပြောပြခဲ့ပါတယ်။ မာနေးကတော့ ပြီးခဲ့တဲ့ရာသီကလည်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို အသင်းဖော်ဆာလာ၊ အာဆင်နယ်တိုက်စစ်မှူးအော်ဘာမီယန်တို့နဲ့အတူ ပူးတွဲဆွတ်ခူးနိုင်ခဲ့ပြီး ဒီရာသီမှာလည်း အဓိကကစားသမားအဖြစ် ဆက်လက်ခြေစွမ်းပြနေခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မာနေးဟာ လီဗာပူးလ်အတွက် လေးရာသီအတွင်း ပြိုင်ပွဲစုံ ၁၆၁ ပွဲကစားခဲ့ပြီး ၇၇ ဂိုးအထိ ရရှိထားခဲ့ပြီဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ တိုက်စစ်ပိုင်းမှာ ဖာမီနို၊ ဆာလာတို့နဲ့ တွဲဖက်ကာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲအဖက်တစ်ခုကိုလည်း ဖန်တီးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။