ကမ္ဘာ့အမွေအနှစ်စာရင်းဝင် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အတွင်းရှိ ဟန်လင်း ပျု မြို့ဟောင်းမှာ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတစ်ချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဟန်လင်းမြို့ဟောင်း ပြတိုက်အနောက်ဘက် တူးဖော်ကုန်းအမှတ် ၂၉ မှာ တူးဖော်ပြီး ပြသထားတဲ့ ရှေးခေတ်က လူအရိုးတွေကို ဖျက်ဆီးသွားခဲ့တာလို့ ဝက်လက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် Duwun ကိုပြောပါတယ်။
ဖျက်ဆီးခံရတဲ့ လူအရိုးအိုးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ ခန့်က ရှေးဟောင်းပစ္စည်းဖြစ်ပြီး ဖောက်ထွင်းသူတွေက အဆိုပါ ရှေးဟောင်းပစ္စည်းတွေမှာ တန်ဖိုးကြီးလက်ဝတ်ရတနာတွေ မြှုပ်နှံထားနိုင်တယ်လို့ ယူဆပြီးဖောက်ထွင်းသွားခဲ့တာဖြစ်နိုင်တယ်လို့ ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းက ဆိုပါတယ်။
“ ဖျက်ဆီးခံရတဲ့နေရာက လူအရိုးစုတွေ ရှိတဲ့သင်င်္ချိုင်းခေါ်တာပေါ့။ အရိုးအိုးတွေလည်း ရှိတယ်လေ။ အရိုးအိုးတွေကို ရှေးသုတေသနက ဖော်ပြီးပြသထားတယ်။ အဲဒီထဲမှာ လက်ဝတ်ရတနာပစ္စည်းတွေ ပါမယ်ဆိုပြီးအထင်နဲ့ ဝင်ဖောက်သွားတဲ့သဘောပါ။ တကယ်တမ်းတော့ မပါပါဘူး။ လူအရိုးကလည်း မေးရိုးပျက်စီးသွားတယ်။ အိုးကလည်း ကွဲသွားတယ်ပြောပါတယ်။” လို့ ဦးစိုးဝင်းထွန်းက ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇွန်လ ၆ ရက်နေ့ကတည်းက ဝက်လက်မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး အခုချိန်အထိတော့ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၄ နှစ်က ဟန်လင်း ပျုမြို့ဟောင်းနေရာမှာပဲ သင်င်္ချိုင်းတွေမှာ မြုပ်နှံထားတဲ့ ကျောက်စိမ်းပုံသဏ္ဍာန်ကျောက်ကွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ COVID-19 ကြောင့် ဟန်လင်းမြို့ဟောင်းကို လည်ပတ်ခွင့်ပိတ်ထားတာမျိုးမရှိပေမယ့် ခရီးသွားတွေလည်း နည်းနေသေးပြီး အခုဖြစ်စဉ်ကြောင့် လုံခြုံရေးတွေကိုတော့ တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်း ပုဂံဒေသမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဘုရားတွေ ဌာပနာဖောက်ထွင်းခံရမှု၊ ဘုရားရဲ့ အဝင်တံခါးမှာ မီးရှို့ခံရမှုဖြစ်စဉ်တွေ ရှိခဲ့တာကြောင့် ပုဂံဒေသကို အရင်ကထက်လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်ထားတယ်လို့လည်းသိရပါတယ်။
Share